မူပိုင် ဇာတ်သိမ်း။
ခြံဝင်းထဲ မတ်တပ်ရပ်နေသော ဒေါ်ဒေါ့်အား အဝေးမှ လှမ်းကြည့်နေမိသည်။ လမင်းကြီးနှင့်အပြိုင် အေးချမ်းနေသော ထိုမျက်နှာလေးအား ဘယ်လောက်တောင် မြတ်နိုးလိုက်ရပါသလဲ။
လည်ပင်း၏ အလယ်တည့်တည့်မှ အလျားလိုက် ဖြတ်လျက်ရှိသော အရစ်ကလေး။ ဒါဟာ ဒေါ်ဒေါ်ပေးဆပ်ခဲ့တဲ့ ချစ်ခြင်းမေတ္တာပါပဲ။ ထိုအရစ်ကလေးကို မြင်လိုက်ရတိုင်း ရင်ဘတ်ထဲ နာကျင်လွန်းလို့ ရူးမတတ် ခံစားရပေမဲ့ အနားမှာရှိနေတာ တော်ပါသေးရဲ့ဆိုတဲ့ အတွေးတွေနဲ့လည်း ဖြေသိမ့်မိပြန်သည်။
" ဒေါ်ဒေါ် "
လှည့်ကြည့်လာသော မျက်ဝန်းလေးများအား အမြဲတမ်း တစ်ဖန်ပြန်ငေးကြည့်ချင်မိသည်။ ဒီမျက်ဝန်းလေးတွေနဲ့ မဆုံရတော့မှာကို သေမတတ် ကြောက်မိကြောင်း မည်သူ့အား ရင်ဖွင့်ရမည်နည်း။
" မအေးဘူးလား "
" ဟင့်အင်း ၊ မအေးပါဘူး ဒါလင်ရဲ့ "
ဒီခေါ်သံတွေ ၊ ဒါလင်ဆိုတဲ့ ချိုမြမြအသံတွေ။ အကြားချင်ဆုံးသော အသံဖြစ်ကြောင်း အသိပေးရင်း ခဏခဏ ခေါ်စေချင်မိသည်အထိ လောဘကြီးပါ၏။ ဒေါ်ဒေါ့်နှုတ်ဖျားမှတစ်ဆင့် လေလှိုင်းတွေကြား ဖြတ်သန်းလာခဲ့တဲ့ ဒီနာမ်စားဟာ စိတ်ကို နွေးထွေးစေသည်။
" သီချင်းဆိုပြချင်လို့ နားထောင်မလား "
" တကယ်လား ဒါလင် "
" တကယ်ပေါ့ ဒေါ်ဒေါ်ရဲ့ "
" နားထောင်မယ်လေ "
" ဒါဆို ဒီနားလာခဲ့ "
နံဘေးရှိ လွတ်နေသော ခုံပုလေးဆီ ညွှန်ပြရင်း ခေါ်လိုက်မိသည်။ ထိုအခါ ချက်ချင်းဆိုသလို လျှောက်လှမ်းလာသော ခြေလှမ်းများ။ ဒီခြေလှမ်းတွေဟာ မူပိုင်ဆိုတဲ့ မိန်းမရဲ့ ဘဝထဲကို အကြိမ်ကြိမ်ဦးတည်နေခဲ့သော ခြေလှမ်းတွေပေါ့။ တိုးဝင်လိုက်စမ်းပါ ခင်ဗျားရာ ၊ ဒါက အလိုအပ်ဆုံး ဖြစ်နေတာမို့။
" ဘာသီချင်းဆိုပြမလဲ ဒါလင် "
" မင်းနဲ့မှချစ်တတ်ပြီ "
" ဒါက "
" အင်း ဆိုပြဖူးတယ်လေ "
~ ကိုယ့်နှလုံးသားလေးလည်း ရင်ခုန်နှုန်း ထိန်းဖို့ခက်ပြီ ~ ငြိမ်အောင်တင်းထားလို့မရ ~ မယုံနိုင်ဘူး မင်းနဲ့တွေ့စဉ် ~ ဒါအချစ်လို့ခေါ်မလား ~ ကိုယ်မသိခဲ့ပြီ ~
YOU ARE READING
မူပိုင် [အတွဲ နှစ်]
Romance❝ ကျုပ်က ကျုပ်အပိုင်ကို မတွေ့တွေ့အောင် ပြန်ရှာနိုင်တယ် ❞