အပိုင်း ၅

112K 11.4K 298
                                    

UNICODE


--------------------------------------------------------------------------------------------------------------------------------

အပိုင်း(၅)
CHAN'S POV:

ဖူးးးးး
လိမ္မော်ရောင်ရေမှုန်များ လေထုထဲ ပြန့်ကျဲထွက်လာသည် ။ ကောင်းဆက်စံ ပါးစပ်ထဲကထွက်လာတဲ့
ရေမှုန်တွေသည် ကျွန်တော့်ကျောင်းဝတ်စုံဖြူလွလွပေါ်မှာ ဟိုတစ်ကွက်ဒီတစ်ကွက်။
နောက် ဖြန့်လျက်တင်ထားသောကျွန်တော့်စာစီစာကုံးစာအုပ်ပေါ်မှာအကွက်လိုက်ကြီး စိုရွှဲနေ၏။
အတိအကျပြောရရင် ည၁နာရီထိုးသည်ထိ ကြိုးစားပမ်းစားရေးထားရသော ကျွန်တော့်စာစီစာကုံးပေါ်မှာ
သူ့ပါးစပ်က ထွက်လာတဲ့ လိမ္မော်ရည်တွေ။
"ကောင်းဆက်စံ"
မနက်ကျောင်းခေါင်းလောင်းထိုးပြီး ပထမအချိန် ဆရာမ,မဝင်ဖြစ်သောကြောင့် ထုံးစံအတိုင်း ပွတ်လော်ရိုက်
နေသော ကျွန်တော့်တို့အခန်းထဲကျွန်တော့်ရဲ့ ဟိန်းထွက်လာသော အော်ငေါက်သံကို ဘယ်သူမှ
အဖက်လုပ်ကာလှည့်မကြည့်။ အပြစ်သား ကောင်းဆက်စံက လွဲ၍ပေါ့...
ကျွန်တော့် ဒေါသတွေဆိုတာ အလိပ်လိပ်နဲ့ကို ဖြစ်လာတာ။ အသားတွေပါ တဆက်ဆက်တုန်ချင်လာ၏။
"ငါ...ငါသီးသွားလို့ပါ ချန်...ချန်းရ"
အဖျားသတ်အသံတွင် ကျွန်တော့်နာမည်ပင်အပြည့်အစုံမကြားရတော့။
"ငါ့ စာစီစာကုံးကို ဘယ်လိုလုပ်ပေးမလဲ။ ဒီနေ့ထပ်ရမှာ...ခုစိုရွှဲသွားတော့ ငါဘယ်လိုလုပ်ရတော့မလဲ"
ကျွန်တော်ငိုချင်လာတယ်။ မြန်မာစာဆရာမကိုလည်း အရမ်းကြောက်တယ်။ ခုလို သူ့စာအုပ်ကြီး ဒီလိုညစ်ပစ်
သွားတာ သိကြည့် ကျွန်တော်အရိုက်ခံရမှာ။ ရေးလာတဲ့စာစီစာကုံးအတွက် ကျွန်တော့်တစ်ညလုံးတခြားဘာသာ
စာတွေ မလုပ်ဘဲ ဒီစာစီစာကုံးကိုပဲ ညတစ်နာရီထိုးထိဦးနှောက်ထဲက ဖျစ်ညှစ်ထုတ်ပြီးရေးထားရတာ...
"သူတောင်းစား ကောင်းဆက်စံ။ မင်းဘယ်လိုလုပ်ပေးမှာလဲပြော။ ငါ အရိုက်ခံရတော့မယ်..."
အသားလည်းနာအုံးမယ်။ လူရှေ့သူရှေ့လည်း ရိုက်ခံရတာ ဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ။
အတန်းထဲကကောင်တွေက ကျွန်တော်အရိုက်ခံရတာကို ကြည့်ပြီး ပျော်နေကြအုံးမှာ ကိုယ့်အပြစ်မဟုတ်ပေမဲ့
ဆရာမက ကိုယ့်စာအုပ်ကိုယ်ဂရုစိုက်ရမှာပေါ့ ဆိုတဲ့စကားနဲ့ အပြစ်ကလျော့ပေါ့ဖို့လမ်းမမြင်...ကျွန်တော်ငိုမိ၏။
"ငါ ရိုက်ခံရတော့မယ်။ မင်းသောက်ကျင့်ယုတ်ပြီး သက်သက်လုပ်တာ ငါသိတယ် ဟီးးးးအီးးးး။ ငါရေးထားတာ
ပိုကောင်းနေလို့ မင်း သက်သက်ယုတ်မာတာ..."
"မ...မဟုတ်ပါဘူး ချန်းရာ"
အထစ်ထစ်အငေါ့ငေါ့နဲ့ ရှင်းပြနေသော ကောင်းဆက်စံကိုကြည့်ရင်း ဒေါသတွေက ပိုပိုကြီးထွားလာလေ။
ကောင်းဆက်စံကို ထုရိုက်ပစ်မိတော့်၏။ ကောင်းဆက်စံကလည်း သူ့အပြစ်နဲ့သူပေမို့ ကျွန်တော်ကိုဘာမှ
ပြန်မလုပ်။
သူလည်းငိုရင်း ကျွန်တော့်ရိုက်ချက်တွေမှ ရသလောက်ကာကွယ်နေ၏။ မျက်ရည်တွေနဲ့မို့ဝေဝေဝါးဝါးပေမဲ့
မြင်ရာမဲရိုက်ပစ်နေစဉ်...
"တော်တော့"
ဟင်! ကျွန်တော်ရော ကောင်းဆက်စံပါ တိခနဲရပ်သွားရသည်။ ဟုတ်မှဟုတ်ရဲ့လားဆိုပြီးနောက်လှည့်ကြည့်တော့
တကယ်ကြီးပဲ လောရှည်ကောင် အော်လိုက်တာ။ ကျွန်တော့်ကို စိုက်ကြည့်ပြီး ဘာမပြာညာမပြောနဲ့...
ဗြစ် ဗြစ် နဲ့ မြည်အောင် ကျွန်တော့်...ကျွန်တော့်စာစီစာကုံးစာရွက်တွေကို ဖြဲပစ်လိုက်တာ။ ဒီကောင် ဘာ...
ဘာတွေလုပ်နေတာလဲတွေးမရ။ ရုတ်တရက်ကြီး ဒီကောင်ဘာထဖြစ်တာလဲ။
ရေစိုနေသော စာရွက်၂ရွက်လောက်ကိုပါ ဆက်တိုက်ထပ်ဖြဲနေတော့ ကျွန်တော်မနေနိုင်တော့။
"ဘာလို့ ငါ့စာရွက်တွေကို ဖြဲနေရတာလဲ"
အသားကုန်အော်ဟစ်လိုက်သော ကျွန်တော့်ကို နည်းနည်းလေးမှ မဖြုံသင့်အပြင် ဘာမှမပြောဘဲ ခုံပေါ်
တင်ထားသော ကျွန်တော့်ရေမွှေးဘောပင်ကို ကောက်ကိုင်ကာ...
"ခရီးတစ်ခု" ဆိုသည့် စာစီစာကုံးခေါင်းစဉ်ကို စာရွက်အသစ်မှာ စတပ်တော့၏။
ဟင်! ဆိုသည့် အသံထွက်လာသည်အထိ ကျွန်တော်အံ့သြရတော့သည်။ ကျွန်တော်ပထမဆုံးမြင်ဖူးခြင်းဖြစ်သော
ဒီကောင့်လက်ရေး။ လှလိုက်တာ။ ကျွန်တော့်လက်ရေးနဲ့ ထပ်တူတူအောင်သူဘယ်လို ရေးနိုင်တာလဲ။
အတန်းရဲ့ဘိတ်ချီး။ ဘာသာစုံကျထားသူက ဘယ်က...ဘယ်လို။
ဒီကောင့်လက်တွေဆိုတာ မော်တာတပ်ထားသလိုပဲ။ ကျွန်တော်ဖျစ်ညှစ်စဉ်းစားထားရတဲ့ စာစီစာကုံးကို
သူရေးနေသည်မှာ ဘောပင်ထဲက စာလုံးတွေ သူ့အလိုလိုထွက်ကျလာသည့်အတိုင်း ပြေပြေပြစ်ပြစ်နဲ့...
တွေကာ စဉ်းစားနေတာမျိုးပင်မရှိ။ စာစီစာကုံးကို အလွတ်ကျက်ထားတဲ့ စာတစ်ပုဒ်ကို ချရေးနေသလိုကို
အားပါးတရရေးနေတာ။ ကျွန်တော်ရောကောင်းဆက်စံပါ ကြောင်အနေပြီးမှ ကျွန်တော်အရင်အသိ
ပြန်ဝင်လာသည်။
"ပေး...ငါ့စာအုပ်ကို မရေးနဲ့"
ပြန်ဆွဲထားရင်း ကျွန်တော့်ကို ရှုတူတူနဲ့ ပြန်ကြည့်သည်။ နဂိုတည်းက သူ့ကိုရှိန်နေရသော ကျွန်တော်သည်
ရန်ဖြစ်ဖို့ စာအုပ်ပြန်လုဖို့ ဘာကိုအရင်လုပ်ရမလဲ မသိတော့။
"မငိုနဲ့တော့...ယောက်ျားဆိုတာ မငိုရဘူး။"
ပြောပြီးပြီးချင်း စာအုပ်ကိုပြန်ယူကာ ဆက်ရေးသည်။ ပြောလို့လည်းမရဘူး။ ဘာကို ဝမ်းနည်းလို့ဝမ်းနည်းသွား
မှန်းမသိ။ ဒီလောရှည်ကောင်လက်ထဲကစာအုပ်ကိုလည်း ပြန်မလုချင်တော့...ခုံပေါ်ခေါင်းမှောက်၍ တအိအိနဲ့သာ
ငိုနေမိတော့တယ်။ မသိတော့ဘူး။ ကျွန်တော်လည်းပြန်မှ မရေးနိုင်တော့တာ။ ဒီကောင်ရေးပေးတာပဲ
တင်လိုက်တော့မယ်။ ဘိတ်ချီးကောင်က ရေးပေးတဲ့စာစီစာကုံးကိုထပ်ရလိမ့်မယ်လို့စိတ်ကူးထဲတောင်ထည့်မတွေး
ခဲ့တာ။မသိတော့ဘူး နောက်တစ်ချိန်ဆို မြန်မာစာဆရာမဝင်လာမှာ။ ခေါ်ရိုက်ရင်လည်း ရိုက်ခံလိုက်တော့မယ်။
ပထမအချိန်ပြီး ဘဲလ်သံပြန့်လွင့်လာချိန်...အချိန်ကိုက်ထားသလို "ပြီးပြီ" ...ဟူသော ပိုင်သုတအသံတိုးတိုးကိုပါ
ကြားလိုက်ရသည်။
ခေါင်းထောင်ကြည့်တော့ ကျွန်တော့်ကို စာအုပ်ကမ်းပေးသည်။ မယုံမရဲနဲ့ စာအုပ်ကိုဖွင့်ကြည့်တော့ ကျွန်တော်
ရေးထားတယ်လို့ ထင်ရသည်အထိ တူနေသော လေးမျက်နှာကျော်ကျော်ရှိနေသော စာစီစာကုံး လက်ရေးတွေ။
ကျွန်တော် တစ်ညနေလုံး ရေးထားရတဲ့စာကို သူက၄၅မိနစ်တည်းနဲ့ ရေးလိုက်တာ။ ကျွန်တော်ပါမက
ကောင်းဆက်စံလည်း ကျွန်တော့်မျက်နှာရိပ်မျက်နှာကဲကို တစ်ချက်ကြည့်ပြီး ကျွန်တော့်လက်ထဲမှ စာအုပ်ကို
ယူကြည့်သည်။
"မငိုနဲ့တော့ ချန်းငြိမ်းအောင်။ ယောက်ျားဆိုတာ ဒီလောက်ကိစ္စလေးနဲ့ မငိုရဘူး"
ဒီလောရှည်ကောင် ကျွန်တော့်ကို ဘာတွေလာလုပ်နေတာလဲ။ မျက်ရည်တွေကိုပါမက ကျချင်ချင် ဖြစ်နေသော
နှာခေါင်းထိပ်မှ နှာရည်ကြည်တွေကိုပါ ဖိသုတ်ပေးနေတော့ ကျွန်တော် ခေါင်းခါ ပစ်လိုက်တော့သည်။ ကျွန်တော်နဲ့
သူ ရွယ်တူချင်းကို ဘာလို့ ကျွန်တော့်ထက်အသက်ကြီးသလို ပုံစံလာဖမ်းနေရတာလဲ။
"ဖယ်ကွာ"
ကံကောင်းသည်ဟုပြောရမည်။ သူ စောဒကတက်ချင်ဟန်ဖြင့် တစ်ခုခုပြောဖို့ပြင်နေပေမဲ့ ဆရာမဝင်လာတော့
သူဘာမှမတတ်နိုင်ဘဲ စောနက ပွစိပွစိ့ဖြစ်နေသော ဒီကောင့် နှုတ်ခမ်းထူထူမှနေ၍
"မင်္ဂလာပါဆရာမ" ဟူသောနှုတ်ဆက်သံသာထွက်ရတော့၏။
ဒါတောင်စာသင်နေတုန်း ကျွန်တော့်ကို တစ်ချက်တစ်ချက် လာကြည့်နေတာကို မျက်လုံးထောင့်မှတွေ့နေရတော့
ကျွန်တော်မနေတတ်တော့။ ဒီကောင်ရုတ်တရက်ကြီး ဘာထဖြစ်တာလဲ။
သူဘာတွေရေးပေးလိုက်သည် မသိ။ ဆရာမက ကျွန်တော့်ခေါ်တော့၏။ ကျွန်တော့်နာမည်ကြားတော့
လောရှည်ကောင် ခေါင်းနည်းနည်းမတ်လာသည်ကျွန်တော်ကြောက်ကြောက်ရွံ့ရွံ့နဲ့ ဆရာမဆီသွားရသည်။
"သား ရေးတာ ဒီတစ်ခါတကယ်ကောင်းတယ်။ နောက် မူးယစ်ဆေးဝါးကင်းစင်ရေးအထိမ်းအမှတ်နေ့
စာစီစာကုံးပြိုင်ပွဲရှိရင် သားကိုခေါ်မယ်။ သားသေချာရေးနော်သိလား။ ကြိုးစားဒီပုံအတိုင်းသာ ကြိုးစားရင်
ဆယ်တန်းမြန်မာစာ ဂုဏ်ထူးမှန်းလို့ရတယ်။ အများကြီးတိုးတက်လာတယ်။ စာစီစာကုံး စာအုပ်တွေထဲက
ကူးချထားတာ မဟုတ်မှန်း ကြည့်တာနဲ့သိတယ်"
"ဟုတ်ဟုတ်"
မြန်မာစာ ဆရာမကိုယ်တိုင် ခေါ်ပြီး ချီးကျူးစကားပြောရသည်အထိ ဖြစ်စေသည့် စာစီစာကုံးက ဘယ်လောက်များကောင်းနေလို့လဲ ။ သူရေးထားတာတွေကို ကျွန်တော်ဖတ်ကြည့်သင့်နေပြီ။ ကျွန်တော့်ထိုင်ခုံပြန်ရောက်တာနဲ့ ကောင်းဆက်စံက အငမ်းမရနဲ့ကို မေးတော့၏။
"ဆရာမ ဘာတွေပြောနေတာလဲ။ မင်း...မင်းရေးတာ မဟုတ်မှန်းသိသွားတာလား"
"ရေးထားတာ ကောင်းလို့ နောက်တစ်ခါ စာစီစာကုံးပြိုင်ပွဲကျရင် ဝင်ပါတဲ့"
ကျွန်တော်တို့ပြောနေတာတွေကို နားထောင်မနေပါဘူး။ သူ့စာအုပ်ကိုတောင်သွားမထပ်ဘဲ မှောက်အိပ်နေသော
လောရှည်ကောင်ကို
"ပိုင်သုတ...မင်းစာအုပ်သွားမထပ်ဘူးလား" ဟုမေးတော့...
"ငါမှ မရေးလာတာ" တဲ့။
ဘယ်လောက်မာရေကြောရေနိုင်သလဲဆိုတာ...ဒါပေမဲ့ ကျွန်တော်အမြဲ စိတ်ကူးယဉ်ခဲ့ရသည့် စာစီစာကုံး ပြိုင်ပွဲကို
အမှန်တကယ် ဝင်ပြိုင်နိုင်အောင်လုပ်ပေးခဲ့တဲ့ ဒီကောင်ကိုကျေးဇူးတင်စကားတော့ ပြောဖြစ်လိုက်သည်။
"ကျေးဇူးပဲ ပိုင်သုတ...မင်းကြောင့် ငါစာစီစာကုံးပြိုင်ပွဲဝင်ပြိုင်ဖူးတော့မှာ"
"ရပါတယ်။ နောင်ဆိုငါအိပ်နေတုန်း ပူညံပူညံ မလုပ်နဲ့"
ဒါဘာပြောသွားတာလဲ ။ အဲ့လိုအပြောအဆိုမတတ်တာတွေကြောင့် ကျွန်တော်ကြည့်မရတာ။
ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ အရင်ကလို ကျွန်တော် သူ့ကို အထင်မသေးရဲတော့။ ဒီကောင်ဘာကောင်လဲ။
နည်းနည်းတော့စိတ်ဝင်စားဖို့ကောင်းတယ်...

EX-pectWhere stories live. Discover now