Colourless ( Part 10)

543 61 3
                                    

"အန်တီ ဒီမှာလေး လက်မှတ်ထိုးပေးပါဦး"

ကျွန်မ စကားအဆုံးတွင် မျက်စောင်းရွယ်ကာ ကြည့်လာသော ဆိုင်ရှင်ကို ဟီးကနဲ ရယ်ပြလိုက်သည်။

"ညည်းတို့ဟာက မပြီးကို မပြီးနိုင်တော့ဘူး"

ပြောလဲပြော ကျွန်မလက်ထဲမှ စာရွက်ကို လှမ်းယူနေသော ဆိုင်ရှင်အဒေါ်ကြီးထံသို့ စာရွက်ကို ခပ်မြန်မြန် ကမ်းပေးကာ ဘောပင်အဖုံးကိုပါ အဆင်သင့် ဖွင့်ပေးလိုက်သည်။

တော်ကြာ စိတ်ပြောင်းသွားခါမှ ခက်နေရော့မည်။

"ပရိသတ် တစ်ယောက်ကို လက်မှတ်ထိုးပေးတယ် လို့ သဘောထားလိုက်ပေါ့ အန်တီရယ်။ ဒီမှာ နောက်ထပ် တစ်ရွက် ကျန်သေးတယ် ဟဲဟဲ"

မျက်နှာကြီးဖြီးကာ တစ်ရွက်ပြီး တစ်ရွက် ထုတ်ပေးနေသော ကျွန်မကို ဆိုင်ရှင်အန်တီမှာ အဖက်လုပ်၍ စကားပြန်မပြောတော့။ မြန်မြန်ပြီး အေးရော သဘောပိုက်ကာ လက်မှတ်ကိုသာ တစ်ရွက်ပြီး တစ်ရွက် ကုန်းထိုးနေသည်။

"ဟေ့ကောင်မလေး ဝင်ပေါက်မှာ ပိတ်မရပ်နေနဲ့လေ"

"ဟုတ်ကဲ့ ဦးလေး"

ကုန်ပစ္စည်းတပုံကို ပခုံးတွင် ထမ်းထားသော ဦးလေးကြီးက ကျွန်မကို မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်ကာ ပြောသောကြောင့် ကပျာကယာ လမ်း ဖယ်ပေးရသေးသည်။

ဤမြို့လေးတွင် ကုန်စုံဆိုင်ကြီးဟူ၍ သတ်သတ်မှတ်မှတ် ခေါ်နိုင်သည်မှာ ဒီတစ်ဆိုင်ထဲသာ ရှိ၍ လူအတော်ကျသည်။

ကုန်ပစ္စည်း စုံစုံလင်လင်ကို တင်ထားသော်လည်း ဆိုင်ခန်းက အတော်ကျဉ်းသဖြင့် လူတပုံနှင့် အဝင်လဲ ခက်သလို အထွက်လဲ အတော့်ကို ကြပ်လှသည်။

"ဒီမှာ အားလုံး ထိုးပြီးပြီ"

ဆောင့်ဆောင့်အောင့်အောင့် ပြောရင်း စာရွက်ထိုးပေးသော ဆိုင်ရှင်အန်တီကြီးကို သွားကလေး ထပ်မံ ဖြဲပြရင်း စာရွက်များကို စစ်လိုက်သည်။

"အန်တီရေ အားလဲနာတယ် ခင်လဲခင်တယ်၊ စာရေးကိရိယာကို ဘောင်ချာ တစ်စောင် သက်သက်ဖွင့် ပေးပါလားဟင်"

အလုပ်များသူကို အလုပ်ထပ်ရှုပ်အောင် လုပ်နေရ၍ အားနာမိသော်လည်း ကျွန်မ ဘယ်လိုမှ မတတ်နိုင်။ ဘောပင်တစ်ချောင်း ကအစ အမှားမခံနိုင်သည်မို့ သက်သေသာဓက အတိအကျ မပါလျှင် ကျွန်မ စစ္စတာကြီး၏ ဟောတရားကို တနေ့လုံး နာကြားရပေလိမ့်မည်။

Colourless (အရောင်မဲ့သော) (Completed)Where stories live. Discover now