Part 13 (Unicode)

47.9K 4.2K 190
                                    


ဆိုင်ပြင်မှခေါင်းလောင်းထိုးသံကို ကြားလိုက်ရသည်မို့ ရန်နိုင်ထခုန်မိတော့မတတ် လန့်သွားသည်။ ညတစ်နာရီပင်ထိုးတော့မည်ဖြစ်သည်။ ဆိုင်ခန်းတံခါးနောက်မှ ရပ်နေသူသည် ထက်ပိုင်မှန်းသူခန့်မှန်းမိသည်။ ရန်နိုင် ဆိုင်ခန်းတံခါးဆီလျှောက်သွားကာ တံခါးလက်ကိုင်ကိုလှည့်ဖွင့်ပေးလိုက်သည်။ မှုန်ကုပ်နေသော ထက်ပိုင်မျက်နှာမှ စိုးရိမ်မှုတစ်ချို့ရှိနေသည်သည်။

"ဟိုကောင်လေး မင်းဆီမှာလား ရန်နိုင်။"

ကောင်တာဖက်ကို ရန်နိုင်မေးငေါ့ပြလိုက်သည်။ ထက်ပိုင် ရန်နိုင့်ကိုကျော်ဖြတ်ကာ ခြေလှမ်းသွက်သွက်ဖြင့် ဆက်ပိုင်နားလျှောက်သွားသည်။ ဆက်ပိုင်ကတော့ကောင်တာပေါ် ခေါင်းချအိပ်ပျော်နေပြီဖြစ်သည်။ ဆက်ပိုင်ရှေ့မှာ ဘီယာခွက်လွတ်တစ်ချို့ ရှိနေသည်။

"ဒီကောင် ဘီယာသောက်ထားတယ် ဟုတ်လား ရန်နိုင်။"

"အေး.. ဆိုင်ထဲရောက်ထဲက သောက်နေတာ။ အခုနကမှ အိပ်ပျော်သွားတယ်။"

ထက်ပိုင် စိတ်တိုစွာ တောက်ခေါက်မိသည်။ ရေကူးသင်တန်းရှိနေသည်ဖြစ်၍ ညနေက ဆက်ပိုင်နှင့်ကတောက်တဆဖြစ်တာကို ကြိုးစားမေ့ထားပြီး သင်တန်းသွားဖြစ်ခဲ့သည်။ ဒါပေမယ့် သင်တန်းမှာ ဆက်ပိုင်အကြောင်းစဉ်းစားရင်း တစ်ချိန်လုံးဒေါသထွက်ကာ စိတ်ပူနေခဲ့သည်။ အိမ်ပြန်ရောက်မှ သေချာပြန်မေးရန် ခပ်စောစောပြန်လာခဲ့သော်လည်း အိမ်မှာဆက်ပိုင်မရှိ။ စိတ်မရှည်စွာ အချိန်အတန်ကြာစောင့်ဆိုင်းပြီး မနေနိုင်တော့မှ သူ ရန်နိုင်တို့ဆိုင်ဘက်လိုက်လာခဲ့ခြင်းဖြစ်သည်။ မူးပြီးအိပ်ပျော်နေလိမ့်မည်ဟု နည်းနည်းမှမထင်ထားခဲ့။

"ထက်ပိုင် ဒီကောင်ဘာတွေဖြစ်လာတာလဲ။"

"ငါလည်းမသိဘူး။ မင်းကိုဘာမှမပြောဘူးလား။"

"ဟင့်အင်း.. သူပြောသမျှလည်း ငါတစ်လုံးမှနားမလည်ဘူး။"

ရန်နိုင်အမှန်တစ်ဝက်ကိုသာ ဖြေလိုက်သည်။

"ငါ ဆိုင်ကကားနဲ့လိုက်ပို့ပေးမယ်။ ခဏစောင့်ဦး။"

ရန်နိုင် ဆိုင်အပေါ်ထပ်သို့ တက်သွားသည်။ ထက်ပိုင် စိတ်မောကိုယ်မော ခုံမြင့်တစ်လုံးပေါ် ထိုင်ချလိုက်သည်။ ဆံပင်တစ်ဝက်တစ်ပျက် ဖုံးနေသော ဆက်ပိုင်မျက်နှာကို ဒေါသတစ်ဝက်ဖြင့် လှမ်းကြည့်လိုက်သည်။ သူ ဘယ်လောက်စိတ်ပူမိသည်ကို ဒီကောင်လေး မသိ။ စိတ်တိုဒေါသထွက်မိသည်ထက် ရင်ထဲမှာမတင်မကျနှင့် စိတ်တွေပူနေခဲ့သည်။
ဖြစ်နိုင်လျှင် ရွှေစင့်အဖေကို ဖုန်းဆက်မေးချင်မိသည်အထိပင်။ ဒါပေမယ့် အိမ်လိုက်ပို့ရုံလေးနှင့် သူဒီလောက်အထိ အကြီးအကျယ် ဖုန်းဆက်မေးသည်အထိဆိုလျှင် အပ်နှင့်ဖောက်ရမည်ကို ပုဆိန်နှင့်ထွင်းသည်ဖြစ်မှာစိုးရိမ်မိသည်။

စည်းWhere stories live. Discover now