extra

26.5K 2.1K 118
                                    

" ဝေဟင်ကို .. မင်းအခုထိ မပြီးနိုင် မစီးနိုင် ဘာလုပ်နေတာလဲ ။ "

အခန်းပြင်ဖက်က ကိုလေး၏ခပ်စွာစွာအသံကိုကြားတော့ ဝေဟင် ပုဆိုးကိုကမန်းကတမ်းဝတ်ပြီး ခါးပတ်ကြိုးကို ယူကာ အဆောတလျှင် ထွက်လာလိုက်သည် ။ ဧည့်ခန်းပြင်ဖက်က မှန်ရှေ့မှာ မြန်မာဝတ်စုံနဲ့ သားသားနားနားနဲ့ ရပ်နေတဲ့ ကိုလေးကို မြင်တော့ ဝေဟင် တခဏ ငေးမောသွားသည် ။ အသက်ကြီးပေမယ့် မပျက်စီးတဲ့ထဲ ကိုလေးက ထိပ်ဆုံးက ပါနိုင်သည် ။

" ပြီးပြီ ကိုလေး .. သွားကြရအောင် ။ "

" ပြီးပြီ ဆိုပြီး မင်းပုံစံက ဘယ်လိုဖြစ်နေတာလဲ ။ ဒီအရွယ်ထိရောက်နေပြီ ပုဆိုးကို ဘယ်လိုဝတ်ရမှန်း မသိဘူးလား "

ဘုရားသွားကြမယ်ဆိုလို့ ဝေဟင်က ကိုလေးနဲ့ လိုက်ဖက်အောင် ရှပ်အဖြူနဲ့ ကချင်ပုဆိုးလေး ၀တ်မယ်လို့ စိတ်ကူးထားခဲ့မိသည် ။ သို့သော် သူက ပုဆိုးဝတ်နေကြမဟုတ်လို့ ပုံစံက နည်းနည်းလေး မသေမသပ်ဖြစ်သွားတာကို ကိုလေးက ဆူဖို့ကြံနေပြန်ပြီ ။ တစ်ခါတလေ ကိုလေးကို သူချစ်တဲ့ယောကျာ်းတစ်ယောက်လို့ မမြင်ဘဲ မွေးသမိခင်လို့ မြင်မိတော့မယ် ။ ကိုလေးဟာ ရုပ်လေးနဲ့မှမလိုက် ပူညံပူညံ တော်တော်လေး လုပ်တတ်သည် ။

" မကျွတ်ကျရလေအောင် အပြင်ဖက်ကနေ ခါးပတ်ပတ်ထားလိုက်မယ်လေ ကိုလေး ။ "

ဝေဟင်က သူ့လက်ထဲက ခါးပတ်ကို မြှောက်ပြတော့ ကိုလေးက သူ့ကို ဘူကြည့်ကြည့်လာပြီး အနားတိုးကပ်လာသည် ။

" ပုဆိုးကို ဘယ်လိုဝတ်ရမလဲ ငါမင်းကို သင်ပေးမယ် ။ သေချာလေး ကြည့်ထား ။ "

" ရပါတယ် ကိုလေး ။ ကျွန်တော့်ဘာကျွန်တော် အဆင်ပြေသလို ကြည့်လုပ်လိုက်မယ် ။ "

" ကျစ် .... "

ဝေဟင်က အတွန့်တက်ချင်ပေမယ့် ကိုလေးရဲ့ ကျစ် စုတ်သပ်သံတစ်ချက်ကြောင့် ငြိမ်ကျသွားပြီး ကလေးတစ်ယောက်လို သူ့ရဲ့ လက်ကို မြှောက်ထားပေးလိုက်သည် ။ ကိုလေးဟာ သူ့အနားတိုးကပ်လာရင်း ပုဆိုးကိုသေချာလေး စည်းပေးနေစဉ် သူကတော့ ချွေးတွေပြန်လို့ ။ ကိုလေးရဲ့ မျက်နှာက သူနဲ့အရမ်းနီးတဲ့ အကွာအဝေးမှာရှိနေလို့ ဝေဟင် အသက်ကိုအောင့်ထားရင်း ဖျစ်ညစ်ကာ ချောင်းဆိုးလိုက်သည် ။

 ကိုလေး (ကိုလေး  )(Z+U) ( Completed ) Where stories live. Discover now