"ပန်းပန်းပွင့်ပွင့်လေး... သူတို့ မင်းကို အနိုင်ကျင့်ကြသေးလား..." သူမ ဝါးအိမ်ဆောင်ထဲမှ ထွက်လာတော့ ကွေ့ယန်က သူမ လက်ကို ဆွဲကာ ခေါင်းအစခြေအဆုံး အကဲခတ် စစ်ဆေးလေတော့သည်။ ရွမ်သုန်းလည်း ကြောင်အမ်းအမ်းနှင့် သူ့သဘောကျသာ ငြိမ်နေပေးရတော့သည်။ နောက်တော့ သူမ ကွေ့ယန် လက်ကို ရုတ်တရက် တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ထားလိုက်တော့သည်။
ကွေ့ယန် အံ့အားသင့်သွားမိသည်။ ရွမ်သုန်း မျက်နှာက ဖြူ ဖျော့နေသော်လည်း သူမမျက်ဝန်းတွေမှာက တောက်ပရွှင်မြူးနေသော ရောင်ခြည်အပြည့်။ သူမ နှုတ်ခမ်းတွေမှာက အပြုံးစစနှင့်၊ "ကွေ့ယန်၊ ငါတို့ ဒီကနေ ထွက်သွားပြီးရင်... နင် ငါ့ကို တကယ်ကြီး လက်ထပ်မှာလား..."
ရွမ်သုန်းတစ်ယောက် မိန်းကလေးဆန်ဆန် ယဉ်စစ ပြုံးနေသည်ကို သူ မြင်ဖူးတာ ဒါ ပထမဆုံး။ ရွမ်သုန်း ပြုံးသည့်အခါ အလွန်လှပပြီး ပါးချိုင့်ကလေးများပါပေါ်လာတတ်သည်ကို သူ သိရတာ အခုမှ။ သူ အူကြောင်ကြောင် ငေါင်မိလျက်က ခေါင်းညိတ်မိတော့သည်။
"ဒါဆို ငါက ချန်တိုင်းနယ်ရဲ့ အိမ်ရှေ့မင်းသမီးပေါ့..." ရွမ်သုန်း ခေါင်းငုံ့သွားတော့သည်။ သူမ ဝမ်းနည်းနေသလား၊ ဝမ်းသာနေသလားတော့ မကွဲပြား။ သူမ ခပ်တိုးတိုးသာ ဆိုသည်။ "ဟိတ်ဟန်ကြီးလိုက်တာ..."
ရွမ်သုန်း ဆက်ပြောသည်။ "ကွေ့ယန်၊ ယန်ကွေ့... ငါ နင့်ကို လက်ထပ်မှာဆိုတော့... နင်နဲ့ ပြန်လိုက်ခဲ့မယ်လေ... လော့ရန်မြို့က နင့်အိမ်လေးက ချစ်စရာလေး။ အိမ်ပြန်ကြရအောင်..."
ရွမ်သုန်းက "အိမ်"ဟူသော အခေါ်အဝေါ်ကို စိတ်လှုပ်ရှားစွာ၊ လွမ်းတသသနှင့် သုံးနှုန်းလိုက်သည်ကို ကွေ့ယန် နှစ်ခြိုက်မိသည်။ သူမ၏ ထိုအသုံးအနှုန်းက သူ့ကို တာဝန်ယူစရာ ဇနီးမယားရှိသည့် တကယ့်ခင်ပွန်းလင်တစ်ယောက်ဖြစ်သွားသလို ခံစားရစေသည်။
YOU ARE READING
ဒီ တစ်ဆောင်း (ပျားရည်စုပ်ပန်း)
Short Story[Zgyi+Uni] တစ်ယောက်က ဘယ်တော့မှ မသေဘဲ တည်မြဲရှိနေမယ့် ကျုံးရှီ။ နောက်တစ်ယောက်က ဘယ်အချိန်အခါ သေရမလဲ မသိနိုင်တဲ့ မိစ္ဆာဂိုဏ်းသားတစ်ဦး။ ရှန်သန်ခြင်းနဲ့ သေဆုံးခြင်းအကြောင်း ပုံပြင်လေးတစ်ပုဒ်. . .။ တစ်ယောက်က ဘယ်တော့မှ မသေဘဲ တည်မြ...