Choice -EP-30

1.1K 108 7
                                    

For Unicode
အပိုင်း-၃၀ (Choice)





ဒီနေ့ကမှူးရဲ့ နားရက်.. ကျွန်တော်ကတော့ ကျောင်းသားမို့ သီးသန့်နားရက်တော့မရှိ။ ဒါပေမဲ့ချစ်ရသူလေးနားရက်မို့ ကျွန်တော်ပါကျောင်းမသွားဘဲ နေလိုက်တယ်။ ထုံးစံတိုင်း သူ့အိမ်ကိုသွားတယ်ပေါ့



“ ဟာ မောင်.. မင်းကျောင်းမသွားဘူးလား ”



“ မှူးကလည်း မောင်လည်းခေါ်တယ် မင်းလည်းခေါ်တယ်။ မောင်ကဘယ်လိုfeelရမလဲ ”



“ feelချင်သလိုfeel ကျောင်းပျက်တာ အရမ်းများနေပြီနော် ”



“ အဲဒီတော့.. ”



“ အဲဒီတော့လုပ်မနေနဲ့... ပျက်တာအရမ်းများရင်မကောင်းဘူးနော်မောင်.. စာတွေမလိုက်နိုင်ဘဲနေမယ် ”



“ ဖြစ်စရာလား အဲဒီလိုမျိုး.. ရဲသီဟနိုင်ပါနော်.. စာမရဘူးဆိုတဲ့ရာဇဝင်ရှိလို့လား။ နောက်ပြီး မှူးကဒီရက်လေးပဲအားတာလေ အဲဒီတော့ ဒီရက်လေးပဲမောင်နဲ့တွေ့ရတာကို တခြားရက်တွေကို လာကြိုမယ်ပြောတာကို မှူးပဲမလာနဲ့ဆို ”



“ အဲဒါက မောင်ပင်ပန်းမှာစိုးလို့လေ ကျောင်းကပြန်လာပြီးတိုင်း ကျွန်တော့်အလုပ်ကို တမင်လာနေရတာကို ”



“ အေးလေ အဲဒါကိုသိတယ်လေ အဲဒါကြောင့်လည်း မှူးစကားကို နားထောင်ပြီး မောင်မလာဘူးလေ ဒီနေ့တော့ ချွင်းချက်ထားကွာ... နားမငြီးနဲ့တော့.. ”



“ သူ့အတွက်လည်းပြောရသေးတယ် ”



“ တော်တော့လို့ ”



“ မတော်ဘူး... မောင့်အိမ်ကလူတွေမမေးဘူးလား.. ကျွန်တော့်ဆီခဏခဏလာနေတာကို.. သူများတွေအမြင်မှာ ”



“ သူများတွေအမြင်ကို မောင်ဂရုမစိုက်ဘူးလို့ အစတည်းကပြောပြီးသားနော်.. မှူး မပွားနဲ့တော့ကွာ ”



မောင်ကဒီလိုဒီလိုလေးတွေဆိုးတဲ့အခါ မှူးမှာထိန်းမနိုင်သိမ်းမနိုင်..။



“ ပွားနေတာမဟုတ်ဘူးလေ သူများအမြင်မှာ မသင့်တော်နေမှာစိုးလို့ ပြီးတော့ အဲဒါက... ”



“ သူများအမြင်မှာ မသင့်တော်မှာကြောက်နေရင် မင်းဘာလို့ငါ့ကို အဖြေပြန်ပေးခဲ့လဲ..။ မပေးပဲနေပါလား အခုမှ ပတ်ဝန်းကျင်ကို ဘာလို့ အဲဒီလောက်ဂရုစိုက်နေတာလဲ ”



“ ပတ်ဝန်းကျင်မှာနေနေမှတော့ ပတ်ဝန်းကျင်ကို ဂရုစိုက်ရမှာပေါ့.. နောက်ပြီး... ”



“ အခုက မင်းဘာဖြစ်နေတာလဲပြော.. ငါမနေရဘူးလား ငါပြန်ရမှာလား.. အိမ်မှာနေတော့လည်း တစ်ပူ.. မင်းဆီလာတော့လည်း တစ်ပူနဲ့ ငါကဘယ်သွားနေရမှာလဲပြော.. မတွေ့ချင်လည်းပြော.. ရတယ် .. ငါပြန်ပေးမယ် ”



သူ့ကိုလွမ်းလို့ လာခဲ့တာကို ဒီလိုတွေပြောနေတော့ စိတ်တိုလာတာနဲ့ အော်မိလိုက်တယ်။ အိမ်တွင်းရေး အဆင်မပြေတာကတစ်ကြောင်း သူ့ကိုမတွေ့ရလို့ စိတ်မကြည်တာကတစ်ကြောင်း တွေ့တော့လည်း ပြန်ခိုင်းသလိုစကားပြောနေတာကတစ်ကြောင်းနဲ့

စိတ်တွေရှုပ်ပြီး သူ့ကိုကျောခိုင်းနေလိုက်တယ်။ ခဏနေတော့ ရှိုက်သံသဲ့သဲ့လေးကြားရလို့လှည့်ကြည့်တော့ ချစ်ရသူလေးက ငိုနေတယ်လေ။ အော်မိတဲ့ကိုယ်က အပြစ်ရှိတယ်ဆိုပါတော့။ ဘယ်လောက်ပဲမာထန်နေပါစေ သူ့မျက်ရည်လေးတွေကအားနည်းချက်ဆိုတာ ကျွန်တော်သာအသိဆုံးပါ။



“ ဟိတ်.. မှူး.. မောင့်ကိုကြည့်စမ်း.. ”



မျက်ရည်လေးဝဲတဲတဲနဲ့ ကျွန်တော့်ကိုကြည့်ရှာတော့ တင်းထားတဲ့စိတ်မှန်သမျှ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တယ်



“ ကျွန်တော်က.. မောင့်ကိုမတွေ့ချင်လို့ မဟုတ်ပါဘူး.. ကျောင်းပျက်တာအရမ်းများနေရင် မောင့်အတွက်မကောင်းဘူးလေ.. နောက်ပြီး မောင်က အစစအရာရာ ပြည့်စုံနေတဲ့သူလေ ကျွန်တော့်ကြောင့်နဲ့သူများအပြောဆိုခံရမှာစိုးလို့ပါ..။ မောင့်အိမ်တွင်းရေးအဆင်မပြေတာကို ကျွန်တော်မေ့သွားလို့.. တစ်ပူပေါ် တစ်ပူဆင့်သလိုဖြစ်ခဲ့ရင်တောင်းပန်ပါတယ် ”



ဒီလိုပြဿနာသေးသေးလေးတွေဖြစ်တိုင်း တောင်းပန်တတ်တဲ့သူ့အကျင့်ကြောင့် မောင့်မှာလမ်းပျောက်ရမြဲ..။



“ ပြဿနာဖြစ်တိုင်း မှူးဘက်ကပဲ ဘာလို့တောင်းပန်နေတာလဲ..။ မောင်မှားခဲ့တာလေ မှူးရဲ့စေတနာကို မောင်ကမမြင်ခဲ့တာပါ.. မောင်တောင်းပန်ပါတယ်နော် ”



ပြဿနာတစ်ခုခုဖြစ်တိုင်း သူ့ဘက်က အမြဲတောင်းပန်တတ်တဲ့ အကျင့်လေးက တစ်ခါတစ်ခါ ကျွန်တော့ရင်ထဲ နင့်နေအောင်ခံစားရတယ်။ ကျွန်တော့်ဘက်ကစပြီးပြဿနာရှာလည်းသူကပဲ တောင်းပန်တယ် သဝန်တိုတိုင်းလည်း 'နောက်အဲဒီလိုမဖြစ်စေရပါဘူးဆိုပြီး' ဝန်ခံချက်တွေပေးရှာတယ်...။ သူ့ကိုသာ သဝန်တိုလို့ ပြဿနာရှာတာပါ သူကျတော့ အမြဲလိုလို ကျွန်တော့်အပေါ်နားလည်ပေးတယ်...။ ကျွန်တော်အရမ်းဆိုးပါတယ်.. တစ်ခါတလေ သူနဲ့ရှိနေတဲ့အချိန် သူ့ပေါင်ပေါ်မှာအိပ်နေရင်း သဲစုနဲ့ဖုန်းပြောခဲ့တယ်..။ ကျွန်တော့်သူ့ခံစားချက်ကို ဂရုမပြုမိခဲ့ဘူး သူဘယ်လိုခံစားနေရလဲဆိုတာလည်း ကျွန်တော်မတွေးမိဘူး..။ သူ့ကိုကြည့်တော့လည်း ဘာမှမဖြစ်သလိုနဲ့ဆိုတော့.. သူကျွန်တော့်ကို မချစ်လို့များ မခံစားရတာလား.. တစ်ခါတလေဒီလိုလေးလည်း အတွေးခေါင်တယ်။ ကျွန်တော်ကတော့ သူ့ကိုချစ်လို့ သဝန်တိုတယ်လေ..။ သူကတော့ ဘာလို့ဘာမှမခံစားရလဲဆိုပြီး.. အတွေးခေါင်မိဖူးပါတယ်..။ မေးကြည့်တော့ပြန်ဖြေလာတဲ့စကားလေးက

"ကိုယ်ချစ်ရတဲ့သူတစ်ယောက်က ကိုယ့်ဘေးနားမှာ တခြားကောင်မလေးနဲ့ စကားချစ်ခွန်းတွေနဲ့ ကြည်နူးနေတာ ကျွန်တော်ဘာလို့ ပြုံးပြီးကြည့်နေတာလဲ စဉ်းစားမိပါတယ်..။ နာကျင်နေရတာတော့မှန်ပါတယ်။ မောင်သူနဲ့ ဖုန်းပြောချိန်တိုင်း ကျွန်တော့်ရင်ထဲကို ခဏလောက်ဝင်ကြည့်ကြည့်.. ဘယ်လောက်တောင်ပျက်ရှဒဏ်ရာတွေနဲ့နာကျင်နေလဲဆိုတာ..။ ဒါပေမဲ့လေ ဘယ်လောက်ပဲနာကျင်နေပါစေ မောင်ပြုံးနေတာမြင်နေရရင် ကျွန်တော်ကျေနပ်တယ်"



သူကျွန်တော့်ကို ထိုမျှလောက်ထိချစ်ရှာပါသည်။



မောင်နဲ့မှူးဟာ အပေးအယူမျှတယ်။ မောင်ဆိုးတာကိုပဲအပြစ်မမြင်ပါနဲ့။ မောင်ဆိုးသမျှ မှူးကခွင့်လွှတ်ထားတယ်။ မှူးသည်းခံသမျကိုလည်း မောင်ကချစ်စရာကောင်းအောင်ဆိုးတယ်။ relationshipတစ်ခုမှာ နှစ်ဦးနှစ်ဖက်လုံး တစ်သမတ်တည်း လိမ္မာရပါမယ်လို့ ပညတ်ချက်မရှိဘူး။ ဂီတာကိုတောင်မှ ကြိုးအလျှော့အတင်းလေးနဲ့တီးမှ သံဇဉ်လှလှလေးတွေထွက်တာမဟုတ်လား။ ဒီလိုလေး အပေးအယူမျှနေပေမဲ့ သူတို့မဟုတ်တဲ့တခြားသောတစ်ဖက်က အဲဒီကြိုးတွေကိုဖြတ်တောက်ဖို့ တွေးနေတယ်ဆိုရင်ရော..။



ဦးသီဟတွင် အလုပ်တစ်ခုထက်တိုးလာခဲ့သည်။ ထိုအလုပ်သည်က ရုံးကပြန်တိုင်း သက်ပိုင်မှူးကိုသွားကြိုခြင်းပင်ဖြစ်သည်။



ကိုယ့်စိတ်ကို နားလည်ပေးနိုင်ဆုံး လူသားလေးကို အဆုံးရှုံးမခံနိုင်.. ရဲသီဟနိုင်နဲ့ အရမ်းအနေနီးတာကို သိတယ်..။ သူတို့နှစ်ယောက် ချစ်နေတာကိုလည်း သိတယ်..။ ဒါပေမဲ့တစ်ခါတလေတော့ ကိုယ့်အတွက်ကိုယ်ကြည့်ပြီး အတ္တကြီးကြည့်ချင်တယ်လေ။ သူတို့ရဲ့အချစ်တွေ မိသားစုတွေ ဘာမှကိုမကြည့်ပဲ ဒီလူသားလေးကို ရိုးရိုးလေး ပိုင်ဆိုင်ချင်တယ်။



“ ကောင်လေး.. ကားပေါ်တတ်.. ”



“ ဦးလေး အခုတစ်လော ကျွန်တော်နဲ့ပြန်တိုင်းခဏခဏတွေ့တယ်နော်... ”



“ ဟုတ်တယ်လေ တမင်လာကြိုတာ ”



“ ဗျာ.. ”



“ ဘာတွေအဲဒီလောက် အံ့သြနေတာလဲ ကောင်လေးရဲ့..။ ဦးကမင်းကို ကိုက်မစားပါဘူးကွ.. ကိုယ်သဘောကျတဲ့သူ့ကို အမြဲလိုလိုတွေ့ချင်လို့ လာကြိုတာ အဆန်းမှမဟုတ်တာ.. ”



တစ်ဆိတ်.. နားကြားမှားတာလား.. မဟုတ်လောက်ဘူးမဟုတ်လား..။



“ ဘယ်.. ဘယ်လို... ”



“ ဟုတ်တယ်လေ ဦးက မင်းကိုသဘောကျလို့.. တွေ့ချင်လို့.. ”



“ ဟာ... ဦးကလေးလည်း မနောက်ပါနဲ့ဗျာ..။ ဦးလေးအတွက်မဆန်းပေမဲ့ ကျွန်တော့်အတွက် ဆန်းတယ်.. ”



ဘယ်လိုကံတရားကြီးလဲ ဦးလေးကတကယ်ပဲ.. ဟာ.. မဖြစ်နိုင်တာ.. ဒါပေမဲ့ ဦးလေးပြောနေတဲ့အချိန်က သူမျက်လုံးတွေ တကယ်လေးနက်နေတယ်..။ စနောက်တဲ့ပုံလည်းမဟုတ်ဘူး..



“ လောလောဆယ် ကားရပ်ပေးပါ ကျွန်တော်ဒီတိုင်း Bus စီးပြီးပြန်လိုက်မယ် ”



“ အရင်ကလည်း ဒီအတိုင်းပြန်နေတာပဲကို.. ဘာဖြစ်လို့လဲ ”



“ ဒီနေ့က အရင်နေ့တွေကနဲ့မတူတာမို့... အခုကားရပ်ပေးပါ ”



အသက်ရှူမချောင်ဘူးဆိုတဲ့စကားဟာ အခုလက်တွေ့ကြုံလာရတဲ့အခါ တကယ်ခံရခက်တာမျိုးပါ။



“ တူပါတယ် မင်းသာမရိပ်မိတာပါ ”



“ ဦးလေး.. မဖြစ်နိုင်တာကြီးကို မလုပ်ပါနဲ့ ”



“ အဲဒီမဖြစ်နိုင်တာကြီးကို ဦးကဖြစ်အောင်လုပ်မယ်ဆိုရင်ရော.. ”



“ လုံးဝမဖြစ်နိုင်ပါဘူးဦးလေး ”



“ ရော.. ကလေးနှယ်..ခက်လိုက်တာ.. ဖြစ်အောင်လုပ်မယ်ဆိုတာကိုမယုံတာလား ”



အချိန်တိုင်းလေးစားနေရတဲ့သူက ရုတ်တရက်ကြောက်စရာကောင်းတဲ့အကြည့်တွေနဲ့ကြည့်တဲ့အခါ ရွံသလိုလိုမုန်းသလိုလို..။



“ ဦးလေးကို ယုံတာ မယုံတာ ကျွန်တော်ပြောနေတာမဟုတ်ဘူး..။ ဒါပေမဲ့ကျွန်တော့်ကို ကျွန်တော်ယုံတယ် ကျွန်တော် ဦလေးကို ဘယ်တော့ လက်ခံမှာမဟုတ်ဘူး ”



“ ဘာလို့လဲ... မင်းရဲ့နှလုံးသားလေးက ရဲသီဟနိုင်ဆီမှာမို့လို့လား.. ဦးသိပါတယ်.. မင်းက မင်းကိုမင်းထက် ရဲသီဟနိုင်ကို ပိုဂရုစိုက်တယ်ဆိုတာ ”



“ သိသိရဲ့နဲ့ ဘာလို့.. ”



အံ့ဩတာပေါ့.. သိသိကြီးနဲ့ရူးရတယ်မျိုးဆိုတာ တကယ်လက်တွေကြုံလာမှ ဘယ်လောက်ကြောက်စရာကောင်းမှန်း သိခဲ့ရတာ..။



“ မိုက်ရူးရဲဆန်တယ်မဟုတ်လား.. ရူးချင်လဲရူးပါစေလေ အနည်းဆုံးတော့ မင်းလေးကိုပိုင်ဆိုင်ရမှာပဲဟာ... ”



“ ဦးလေး.. ”



“ ကလေးသိလား ရဲသီဟနိုင်ရဲ့မိသားစုဘဝမှာ ဦးမရှိလို့မဖြစ်ဖူးဆိုတာ..။ ဦးသာထွက်သွားခဲ့ရင် အဲဒီကောင်လေးမိသားစုပြိုလဲမယ် အဲဒီကောင်လေးလည်း ပြိုလဲမယ်ဆိုတာ.. နောက်ပြီး ကလေးရဲ့ အဖေက အခုတစ်လော ဘာလို့ဦးနဲ့အတူတူမပြန်လဲသိလား..။ သူလောင်းကစားလုပ်နေလို့ ကောင်လေးရဲ့.. ဦးဆီကလည်း ပိုက်ဆံတွေချေးထားတယ်... သိန်း၁၀၀လောက်ပေါ့.. ”



“ ဗျာ.. ဖေဖေက ဘယ်တုန်းလောင်းကစားလုပ်လို့လဲ ”



“ ဪ.. တကယ်ပါကောင်လေးရဲ့.. ပိုက်ဆံချေးရတာတင်အားမရလို့ ဂိုဒေါင်ထဲကပစ္စည်းတွေကိုတောင်ယူပြီးရောင်းသေးတာ..။ မယုံရင် ကလေးဒီ Video လေးကြည့်ကြည့်..။ အဲဒီvideoလေးသာ ရဲလက်ထဲရောက်သွားရင်.. ”



သူ့လက်ထဲကဖုန်းကို အလျင်အမြန်ယူကြည့်လိုက်တဲ့အခါ ကမ္ဘာပျက်သလိုပါပဲလား။ တကယ်ပါ.. တကယ်ပဲ ဖေဖေပါ..။ ဖေဖေဘယ်တုန်းက အဲဒီလိုတွေလုပ်တတ်သွားတာလဲ..။ ဖေဖေက တကယ်လူရိုးပါ ဘာလို့.. အခုမှ.. ဖေဖေရယ်... ဘယ်လိုဖြစ်ရတာလဲ..။



“ ကလေးဖေဖေရဲ့ ဒီအမှုကိစ္စတွေရယ်.. အကြွေးတွေရယ်.. မင်းလေးရဲ့နှလုံးသားပိုင်ရှင်ကြီးဘေးကနေ ဦးထွက်သွားလို့ ပြိုလဲသွားမယ့်သူတို့မိသားစုလေးရယ်..။ အဲဒါတွေကို တစ်ချက်လောက်ကြည့်ကြည့်.. ဘယ်နည်းနဲ့မဆို.. မင်းသူနဲ့ခွဲရမှာပဲ..။ ဒါပေမဲ့ သူကောင်းစားတာကြည့်ပြီးခွဲခွာမလား.. သူအလဲလဲအကွဲကွဲပြိုလဲတာကိုကြည့်ပြီးခွဲခွာမလား စဉ်းစားပေါ့ ”



တွေးကြည့်ရုံနှင့်ပင် ကြောက်စရာကောင်းလှပါသည်။ ချစ်ရသူနှင့်ခွဲရမည်။ ချစ်ရသူ ပြိုလဲရမည်။ ဖေဖေဒုက္ခရောက်ရမည်။ ဖေဖေ့ကျန်းမာရေးကလည်း အကောင်းကြီးမဟုတ်.. တစ်ခုခုဖြစ်သွားနိုင်သည်။



အရာအားလုံးကောင်းဖို့အတွက် ကျွန်တော့်နှလုံးသားကြီးကိုရင်ရတာ တန်မလား..။ ဒါပေမဲ့ မောင်မရှိပဲလည်းမနေနိုင်.. သူနဲ့ထွက်ပြေးရင်လည်းဖေဖေဒုက္ခရောက်ဦးမှာ။ မတွေ့ တွေ့အောင်ရှာပြီး ခွဲမယ်ဆိုလျှင် နှစ်ဦးလုံးခံစားရမှာ။ ဒီထက် မောင်အရမ်းမက်မောတဲ့ မောင့်ရဲ့မိသားစုလေး..။ ဟာ....ရူးသွားပါစေတော့လား.. ဘာလို့ကျွန်တော့်ကျမှ...



“ အပေးအယူလေး တစ်ခုလုပ်ရအောင်ကလေး..။ ကလေးဖေဖေအမှုရောအကြွေးရော အားလုံးကျေအေးပေးမယ်..။ ပြီးတော့.. ရဲသီဟနိုင်ရဲ့ မိသားစုလေးကို မဖျက်ဆီးပဲပိုပြည့်စုံအောင်ထားပေးမယ်..။ အဲဒီအတွက် ကလေးကတစ်ခုပဲပေးဆပ်ရမယ်.. ကလေးကို ဦးပိုင်ဆိုင်ချင်တယ်.. ဦးအနားမှာနေပေး..။ အဲဒီဒါကိုလက်မခံရင်တော့... အရာအားလုံးကိုဖျက်ဆီးမယ်..။ ဦးကိုယ်တိုင်ပျက်ဆီးသွားလည်း ဂရုစိုက်‌နေမှာမဟုတ်ဘူး‌နော်။ ကဲအခုတော့ ကလေးအိမ်ရောက်နေပြီမို့ ဆင်းတော့နော်

ပြီးရင် သေချာစဉ်းစား.. ကလေးအဖြေကို ဦးမျှော်နေမယ် ”



“ ဦးလေးလည်း အမေတူသားပါပဲ.. သိပ်ယုတ်မာလွန်းတယ် ”



ဒီစကားနဲ့ငိုကြွေးရုံမှတစ်ပါး ဘာမှမတတ်နိုင်တဲ့ ကိုယ့်အဖြစ်ကိုစိတ်နာမိတယ်။ အခါခါလေးစားမိတဲ့ လူကြီးတစ်ယောက်က ဒီလိုတွေပြောလာမယ်လို့လည်းမထင်ထားခဲ့။ ပိုဆိုးတာက ချစ်ရသူရဲ့အဖေ.. သွေးမတော်ပေမယ့် ချစ်ရသူရဲ့အဖေက ချစ်ရသူအတွက် အရာရာဖြစ်နေတယ်။ ချစ်ရသူကောင်းစားဖို့ဖေဖေကောင်းစားဖို့.. အနစ်နာခံရမယ့် ရွံစရာလောကကြီးက ဘာလို့ကျွန်တော့်ကိုမှရွေးချယ်ရသလဲ။



ထိုနေ့ညက မောင့်ကိုဖုန်းဆက်ရင်း ဒီလိုလေးမေးမိတယ်။ အဆက်အစပ်မရှိဘဲနဲ့ပေါ့



“ မောင်.. ”



“ ပြောလေမှူး”



“ မောင့်ဘဝမှာ မောင့်ဖေဖေကိုအရမ်းလိုအပ်ခဲ့လား။ ဆက်ပြီးတော့လည်း လိုအပ်ဦးမှာလား။ မောင့်ဘဝမှာ သူကအရေးပါသလား ”



“ ဘယ်လိုမေးလိုက်တာလဲမှူးရဲ့..။ ဖေဖေကမောင်တို့မိသားစုအတွက် သိပ်အရေးပါတာပေါ့။ အချိန်တိုင်းလည်းလိုအပ်နေဦးမှာလေ။ မိဘကိုမလိုအပ်တဲ့သားသမီး.. အိမ်ထောင်ဦးမလိုအပ်တဲ့မိသားစုရယ်လို့ ရှိမှမရှိတာ ”



မောင့်အဖြေမှာ နာကျင်ရတဲ့ရင်ဘတ်ဟာ စုတ်ပြတ်နေပြီ။ ငိုသံတွေကို မောင်မကြားအောင် အတတ်နိုင်ဆုံးထိန်းရင် မျက်ရည်တွေကြောင့်လည အမြင်အာရုံတွေ ဝေဝါးကုန်ပြီ။



“ မောင်.. ကျွန်တော်မောင့်ကိုသိပ်ချစ်တာ မောင်သိတယ်မဟုတ်လား ”



“ သိတယ်လေမှူးရဲ့ ”



“ ကျွန်တော်ဘာကြီးကဲရွေးချယ်‌ရွေးချယ်.. အဆုံးသတ်ကမောင်ပျော်ရွှင်ကိုပဲ ဦးစားပေးခဲ့တာ မောင်သိပါတယ် ”



“ သိတာပေါ့မှူးရဲ့.. ဘာလို့ဒီလိုတွေပြောနေတာလဲ ”



“ ဘာရယ်မဟုတ်ပါဘူး.. ဒီအတိုင်းလေး.. ကျွန်တော်မောင့်ကိုသိပ်ချစ်တာ မောင်သိရင်ရပါတယ်။ ဒါပဲနော် ကျွန်တော်နားတော့မယ် ”



ဖုန်းခေါ်ဆိုမှုလေးအပြီး တုန်ယင်နေတဲ့လက်တွေဟာသိသိသာသာ..။ အသိတွေထဲလည်း ဖေဖေနဲ့မောင်ကလွဲရင် ဘာမှကိုမမြင်နိုင်တော့ပါ။

Dear Loser [Zawgyi & Unicode] (Completed)Where stories live. Discover now