အခန်း (၁၀) ပထမဆုံးအကြိမ် တွေ့ဆုံမှု

7.7K 957 100
                                        

UNICODE

"အိမ်ရှေ့စံလည်း မင်းသားလေးကို အဖော်ပြုပေးမယ် မဟုတ်လား..."

"ပြုပေးပါ့မယ် ဘုရား"

မင်းကြီး၏ အမိန့်ဆန်သော တောင်းဆိုမှုကို သုနန္ဒသည် မဆိုင်းမတွပင် နာခံလေသည်။

ထိုနာခံမှုသည် သူ၏ ဘဝတစ်ခုလုံး အဖတ်ဆည်မရအောင် ကြေမွပျက်ဆီးသွားစေမည့် ကြမ္မာဆိုးကို အစပျိုး မွေးမြူလိုက်ခြင်း ဖြစ်သည်ကိုတော့ အဘယ်နည်းဖြင့် သုနန္ဒ သိနိုင်ရှာပါလိမ့်မည်လဲ...။

ထိုညသည် သီတင်းကျွတ် လပြည့်ညမို့ ကောင်းကင်တွင် မိုးသားများ ကင်းစင်ကာ ကြယ်ရောင် လရောင် တောက်ပနေ၏။ ကောင်းကင်မှ ကြယ်ရောင် လရောင်တို့ နှင့်အပြိုင် နန်းတော်အနှံ့ ခင်းကျင်းထားသော ထောင်သောင်းချီသည့် ဆီမီးခွက်များ၏ အလင်းရောင်တို့သည်လည်း မြေပြင်တခွင်လုံး ထိန်ထိန်ငြီးလို့ နေလေသည်။

လရောင်အောက်မှ မီးထွန်းပွဲတော်၏ အလှကို ကြည့်ရှုခံစားနေကြသော နန်းတွင်းသူ တစ်စုသည် လရောင်ကဲ့သို့ အေးချမ်းသော အလှတရား တစ်ခုကို အမှတ်မထင် မြင်တွေ့လိုက်ရ၏။ အိစက်ညက်ညောကာ တောက်ပြောင်သော တော်ဝင် ပိုးသားဖြင့် ချုပ်လုပ်ထားသည့် ငွေမှင်ရောင် ဝတ်စုံကို ဝတ်ဆင်ကာ မင်းဝတ်တန်ဆာ အပြည့်အစုံ ဆင်ယင်လျက် ထိပ်ဖျားကော့ ရွှေဖိနပ်ကို စီး၍ အိန္ဒြေကြီးလှသော ခြေလှမ်းများဖြင့် လှမ်းလျှောက်လာသည့် မင်းသားလေး တစ်ပါး...။

ဝါဂွမ်းသဖွယ် ဖြူဥအိစက်သော အသားအရည်၊ သွယ်လျသော မျက်နှာကျ၊ သွယ်တန်းသော မျက်ခုံး၊ ကြည်ရွှန်းတောက်ပသော မျက်လုံး၊ ရှည်လျား ကော့ညွှတ်သော မျက်တောင်၊ ဖြောင့်စင်း၍ လုံးချွန်သော နှာတံ၊ နီဆွေးအိထွေးသော နှုတ်ခမ်း... ဤသို့ လက်ရာမြောက် ပန်းချီကား တစ်ချပ်အလား ပြီးပြည့်စုံသော အလှတရားကို ပိုင်ဆိုင်ထားသူမှာ ဥဒိဿ၏ အိမ်ရှေ့စံ သုနန္ဒမင်းသား မှလွဲ၍ မည်သူ ဖြစ်နိုင်ပါဦး မည်နည်း...။

သုနန္ဒ၏ အနောက်တွင် သူ၏ ပညာသင်ဖက် သက္က တစ်ယောက်လည်း ထပ်ချပ်မကွာ လိုက်ပါလာပါ၏။ သက္ကသည်လည်း ခါတိုင်း ဝတ်စားနေကျ ချည်ဝတ်စုံအစား ပိုးတွဲလုံချည်နှင့် အကျီ မိုးပြာရောင်နုနုကို ဝတ်ဆင်ထားသည်မို့ ယောက်ျားပီသ ခန့်ညားသော သူ၏ ရုပ်သွင်မှာ ပို၍ ထင်ရှားနေ၏။ စိုပြေသော ညိုညက်ညက် အသားအရည်နှင့် ကြံ့ခိုင်သော ကိုယ်ကာယ အလှတို့က သက္ကကို ဆွဲဆောင်မှု ရှိသော ယောက်ျားသား တစ်ယောက် အသွင် ပေါ်လွင်စေ၏။

နန်းကျမင်းသားTempat cerita menjadi hidup. Temukan sekarang