UNICODE
သဂ္ဂါရ မြို့စားမင်းကို ဖမ်းဆီးရာတွင် လိုအပ်သော ဘုရင့်အမိန့်တော်နဲ့တကွ ရဲမက်အင်အား အမြောက်အများကို ရယူရန် တာဝန်ဖြင့် ဝေဠုသည် အာရုံမိုးသောက်တွင် စစ်သည်နှစ်ယောက်နှင့်အတူ မြို့စားမင်းအိမ်တော်မှ ထွက်ခွာခဲ့လေသည်။
မနက်လင်းသောအခါ မြို့စားမင်း၏ ဖိတ်ခေါ်မှုအရ မနက်စာထမင်းကို အတူတကွ စားသောက်ရန် သုနန္ဒနှင့် စန္ဒသူရဇ္ဇတို့သည် ဥယျာဉ်အတွင်းရှိ လေသာဆောင်ကို သွားရောက်ခဲ့ကြ၏။
“ကုန်သည်လေးတို့ ညီနောင်ကို ကျုပ်သားကြီးနဲ့ မိတ်ဆက်ပေးချင်လို့ အခေါ်လွှတ်လိုက်ရတာပဲ၊ သားကြီးက မြို့ပြင်က သူ့ရဲ့ မွေးမြူရေးခြံတွေမှာ အနေများပြီး ဒီကို ရံဖန်ရံခါမှ ပြန်လာတတ်တာ၊ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ ကျုပ်နဲ့အတူ ထမင်းလာစားတာမို့ ကုန်သည်လေးတို့နဲ့ အခုလို တွေ့ရတာဗျို့”
ထမင်းဝိုင်းတွင် မြို့စားကြီးက သူ၏သားကြီးနှင့် မိတ်ဆက်ပေးလေသည်။ မြို့စားမင်း၏သားမှာ အသက်လေးဆယ်ကျော်ခန့် ရှိပြီမို့ ယခင် မြို့စားကတော်နှင့် ရသောသား ဖြစ်ပေမည်။ အသက်အရွယ်နှင့် လိုက်ဖက်သော ရင့်ကျတ်မှုနှင့် ဩဇာပြည့်ဝသော အရောင်အဝါမျိုးလည်း ရှိပေ၏။ မြို့စားမင်းကဲ့သို့ မျက်နှာမချိုဘဲ တည်တည်တင်းတင်း မျက်နှာထား ရှိသူ ဖြစ်သည်။
ဘာကြောင့်ရယ်မသိ မြို့စားမင်း၏ သားမှ မိမိအား ကြည့်သော မျက်လုံးများက စူးရဲနေသည်ဟု သုနန္ဒ ထင်မြင်မိလေသည်။ မိမိအပေါ်တွင် ဖော်ရွေမှု အလျဉ်းမရှိသော အေးစက်စက် အပြုံးများကိုလည်း သတိထားမိလေသည်။
မြို့စားမင်း၏ သားဖြစ်သူက မဖော်ရွေသော်လည်း မြို့စားမင်းကတော့ အလွန်ပင် ဖော်ရွေကာ သုနန္ဒအား မိတ်ဆွေရင်းသဖွယ် ခင်မင်ရင်းနှီးလှပေသည်။ မိတ်ဆွေတစ်ယောက်အား ‘နောက်ကျောမှ ဓါးထိုး’ သလို ဖြစ်နေသည့်အတွက် သုနန္ဒမှာ မြို့စားမင်းအား အားနာလှသလို စိတ်မကောင်းလည်း ဖြစ်ရလေသည်။
အမိန့်တော်နှင့်တကွ ဝေဠုရောက်ရှိကာ ဝန်းရံဖမ်းဆီးမည့် အချိန်ကို စောင့်ရင်း မြို့စားမင်းအား စောင့်ကြည့်ရန်နှင့် ဆက်နွယ်သူများကိုပါ ဖော်ထုတ်နိုင်ရန် အလို့ငှာ သုနန္ဒသည် မြို့စားမင်း၏ အိမ်မှာ ရက်အနည်းငယ် ထပ်၍ တည်းခိုမည် ဖြစ်သည်။ ဈေးကွက်ရှာဖွေနေသော ကုန်သည်များဟု အသွင်ယူထားသည်မို့ ယခုလည်း သဂ္ဂရမြို့တွင် စီးပွားရေးလုပ်ရန် စိတ်ဝင်စားနေသည်ဟူသည့် အကြောင်းပြချက်ဖြင့် နေခြင်းဖြစ်သည်။
ESTÁS LEYENDO
နန်းကျမင်းသား
Ficción históricaFic Type: BL/OC Genre: Historical Drama/Romance Update: Daily Update Started Date: 15th March, 2020 (UNICODE) ရန်ငြှိုးကြောင့် တိုင်းပြည်ကိုရော အိမ်ရှေ့စံမင်းသား ကိုပါ သိမ်းပိုက်ထားတဲ့ စန္ဒသူရဇ္ဇ မင်းကြီးနဲ့ သုံ့ပမ်းဘဝကနေ ရုန်းထွက်ပြီး နန်းပြန်သိမ်း...
