အခန်း (၃၇) မပြန်ချင်သေးသူ

3.7K 485 87
                                        

UNICODE

စန္ဒသူရဇ္ဇအတွက် ပေးပြီးသောအခါ သုနန္ဒသည် သူ့အတွက်သူ နောက်တစ်လုံးထပ်ဖြုတ်၍ အခွံနွှာနေ၏။

ထိုစဉ်မှာ သုနန္ဒသည် သူ့အား တစ်ယောက်ယောက်မှ ချောင်းမြောင်းကြည့်ရှုနေသည် ဟူသည့် ခံစားချက်အား ဒုတိယအကြိမ် ခံစားမိလိုက်ပြန်၏။

"ဘာဖြစ်လို့လဲ နောင်တော်"

သုနန္ဒ၏ မသိမသာ ပြောင်းလဲသွားသော မျက်နှာအမူအရာအား အရိပ်အကဲ ဖမ်းမိ၍ စန္ဒသူရဇ္ဇ မေးလိုက်သည်။

အရပ်ရှစ်မျက်နှာအား အကဲခတ် ကြည့်ရှုပြီးနောက် သုနန္ဒ ဖြေးညှင်းစွာ ခါရမ်းရင်း ပြောလိုက်သည်။

"ငါ့စိတ်ထဲ လူတစ်ယောက်ယောက် ငါ့ကို ကြည့်နေသလို ခံစားမိလို့ပါ၊ ဒါပေမယ့် ဘာမှတော့ မသင်္ကာစရာ မတွေ့ဘူး"

"ဒီလျှိုကြီးထဲမှာ ညီငယ်တို့နှစ်ဦးကလွဲလို့ ဘယ်သူမှ မရှိနိုင်ပါဘူး နောင်တော်၊ စိတ်အေးအေးသာ နေပါ"

စန္ဒသူရဇ္ဇက နှစ်သိမ့်လေသည်။ စန္ဒသူရဇ္ဇ၏ စကားက ကျိုးကြောင်းဆီလျော်သည်ဟု ဆင်ခြင်မိသည့်တိုင် သုနန္ဒ၏ စိတ်ကထင့်နေသေး၏။

"နောင်တော် မသင်္ကာဘူးဆိုရင် ညီငယ်တို့ သွားကြည့်ရအောင်လေ၊ ဒီနားတဝိုက်ကို ညီငယ်တို့ မနေ့က မရောက်ခဲ့သေးဘူး၊ ပြောလို့မရဘူး၊ လျှိုထဲက ထွက်လို့ရတဲ့လမ်း တွေ့ချင်တွေ့မှာ"

သို့နှင့် မနက်စာစားပြီးချိန်မှာ ထိုနေရာတဝိုက်ကို သူတို့နှစ်ယောက် လှည့်လည်သွားလာကာ ကြည့်ကြလေ၏။ သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ မရှိသလို လျှိုထဲမှ ထွက်နိုင်မည့်လမ်းလည်း မတွေ့ရပါပေ။

သို့သော် နားခိုရန်သင့်တော်သည့် ကျောက်ဂူတစ်ခုအား မမျှော်လင့်ဘဲ တွေ့ခဲ့ရသည်။ ခြောက်တောင် ပတ်လည်ခန့် (ကိုးပေ ဝန်းကျင်) အကျယ်အဝန်းရှိသဖြင့် ကျယ်ကျယ်ပြန့်ပြန့် မရှိသည့်တိုင် ပြန့်ပြူး၍ သန့်စင်သော မြေသားကြမ်းပြင်ကြောင့် သက်သောင့်သက်သာ အနားယူအိပ်စက်နိုင်သည်။

နေ့ဝက်ခန့် မနားမနေ လျှောက်သွားခဲ့ရသောကြောင့် ပင်ပန်းနေကြပြီဖြစ်သော သူတို့နှစ်ဦးသည် ဒီဂူလေးထဲတွင် စခန်းချ အနားယူရန် ဆုံးဖြတ်လိုက်ကြသည်။ ဒီဂူလေးသည် သူတို့ ရေချိုးခဲ့သော စမ်းချောင်းနှင့်လည်း မဝေးသောကြောင့် ရေသုံးဖို့ရန် အဆင်ပြေလိမ့်မည်။

နန်းကျမင်းသားWhere stories live. Discover now