UNICODE
"ဒီနေ့ရော ကြက်သားကြော်ပဲလား စောကလျာ"
စောကလျာ ယူလာပေးသော ပွဲတော်အုပ်ကို ဖွင့်မကြည့်သေးဘဲ စန္ဒာဒေဝီ မေးလိုက်ခြင်းဖြစ်သည်။
"မှန်ပါ့ ထိပ်ထား၊ ထိပ်ထားကြိုက်တဲ့ ကြက်သားကြော်လေးပါ"
"ကြိုက်တယ်လို့ မပြောမိဘူး ထင်တာပါပဲ၊ ပြီးတော့ ကြိုက်တယ်ဆိုရင်တောင်မှ တစ်ပတ်လုံးလုံး နေ့နေ့ညည ဒီတစ်မျိုးတည်း ဘယ်သူက စားချင်ပါ့မလဲ"
စန္ဒာဒေဝီက ငြူငြူစူစူ ပြောလေသည်။ တစ်ချိန်ကတော့ စန္ဒာဒေဝီနှင့် စောကလျာသည် တစ်ယောက်နှင့် တစ်ယောက် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ရှိခဲ့ကြ၏။ သွေးရင်းအစ်ကို ထက်ပင် ယောင်းမလောင်း ဖြစ်သည့် သူမအပေါ် တွယ်တွယ်တာတာ ရှိလှသော ကလေးမလေးကို စောကလျာလည်း သံယောဇဉ် ရှိပါသည်။ သို့သော် ယခုတော့ဖြင့် ကလေးမလေးက သူမကို ရန်သူတစ်ယောက်လို သဘောထားကာ အစ်မတော်ဟုပင် မခေါ်တော့ဘဲ စိမ်းစိမ်းကားကား ဆက်ဆံနေပြီမို့ သူမကလည်း ခပ်တန်းတန်း ပြန်ဆက်ဆံမိခြင်း ဖြစ်သည်။
"ကဲ... ဒါဖြင့် နောက်နေ့ ဘာစားချင်သလဲ ထိပ်ထား"
စောကလျာက စိတ်မရှည်သလို မေးလာသည့်အခါ စန္ဒာဒေဝီက ထမင်းအုပ်ကို ဘေးသို့တွန်းကာ ပြန်မေးလိုက်သည်။
"ကြက်ကြော်အပြင် တခြား ဘာချက်တတ်သေးသလဲ"
"ကြက်ဥကြော်"
"..."
အတန်ကြာ တိတ်ဆိတ်ငြိမ်သက် သွားပြီးနောက် စန္ဒာဒေဝီသည် သက်ပြင်းကို ချကာ ဘေးသို့ပို့ထားသော ပွဲတော်အုပ်ကို ပြန်လည် ဆွဲယူလိုက်တော့သည်။ စိတ်မပါသော်လည်း စားသောက်ရမည့် တာဝန်အရ ပွဲတော်အုပ်ကို ဖွင့်လိုက်စဉ်မှာပဲ သူမ၏ လှုပ်ရှားမှုများကို ကြည့်နေသည့် စောကလျာက ဆတ်ခနဲ ခေါင်းမော့ကာ နားစွင့်ရင်း ပြောလိုက်သည်။
"ဟော... သူရိယ ပြန်လာပြီ"
စောကလျာ ပြောသည့်အတိုင်းပင် မိနစ်အနည်းငယ်အတွင်းမှာ အခန်းဆီ လျှောက်လာသည့် ခြေသံများကို ကြားလိုက်ရပြီး မရှေးမနှောင်းပင် သူရိယကို အခန်းတံခါးဝမှာ မြင်လိုက်ရသည်။
KAMU SEDANG MEMBACA
နန်းကျမင်းသား
Fiksi SejarahFic Type: BL/OC Genre: Historical Drama/Romance Update: Daily Update Started Date: 15th March, 2020 (UNICODE) ရန်ငြှိုးကြောင့် တိုင်းပြည်ကိုရော အိမ်ရှေ့စံမင်းသား ကိုပါ သိမ်းပိုက်ထားတဲ့ စန္ဒသူရဇ္ဇ မင်းကြီးနဲ့ သုံ့ပမ်းဘဝကနေ ရုန်းထွက်ပြီး နန်းပြန်သိမ်း...
