အခန်း (၁၉) မောင်လူရိုးနှင့် ဒေါသအိုး

7.4K 859 119
                                        

UNICODE

စိုးရိမ်ဟန်ဖြင့် သီဟ လျောက်တင်သောအခါ နားလည်ရခက်သော မျက်နှာ အမူအရာဖြင့် စန္ဒသူရဇ္ဇ ပြန်ပြောလိုက်လေသည်။

"ဥဒိဿ နန်းဆက်ကို ပြန်ရှာပြီး နန်းတင်ဖို့ ကြိုးစားတဲ့ ရည်ရွယ်ချက် ဆိုရင်တော့ တိုင်းပြည် ပုန်ကန်မှုလို့ သတ်မှတ်နိုင်တယ်… ဒါပေမယ့် အဓိက ရည်ရွယ်ချက်က ငယ်သူငယ်ချင်းကို စောင့်ရှောက်ချင်စိတ်သက်သက် ဆိုရင်ရော ဘယ်လို ခေါင်းစဉ်တပ်သင့်သလဲ… "

"အရှင်မင်းကြီး… "

သူ့အား ဖြောင့်ဖျ သတိပေးလိုသော သီဟ၏ ခေါ်သံကို မကြားဟန်ဆောင်ကာ စန္ဒသူရဇ္ဇ ပြောလိုက်၏။

"ငါ ဘာလုပ်နေလဲ ဆိုတာ ငါ့ကိုယ်ငါ သိပါတယ်… ငါ ဒီတစ်နေ့လုံး စကားတွေ ဘယ်လောက်တောင် ပြောခဲ့ရလဲ မင်းသိတယ် မဟုတ်လား… ငါ့ကို ထပ်ပြောရအောင် မလုပ်နဲ့တော့… ငါ နားချင်ပြီ"

ထိုနေ့က စန္ဒသူရဇ္ဇ တစ်ကယ်ကို စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့သည်။ တိုင်းပြည်ကို သိမ်းပြီးချိန်မှစ၍ ယခုတိုင် မငြိမ်းချမ်းနိုင်သေးသော ပြည်တွင်းစစ်များအပြင် ပြည်ပမှ ရန်သူက အတွင်းလူနှင့် ပူးပေါင်းကာ နန်းတွင်းကိုပင် ဝင်ရောက် တိုက်ခိုက်လာသည့် ကိစ္စ…။

လူအင်အား ဆုံးရှုံးမှု သိပ်မရှိ သော်လည်း ပစ္စည်းအင်အား ဆုံးရှုံးမှုက ကြီးမား လှသည်။ ရိက္ခာ၊ ဘဏ္ဍာနှင့် လက်နှက် သုံးမျိုးလုံးမှာ ဆုံးရှုံးမှု ပမာဏက မနည်း။ မီးထဲ ပါသွားသော မှတ်တမ်းမှတ်ရာ များကြောင့် အုပ်ချုပ်မှုနှင့် စီမံ့ခန့်ခွဲမှု အပိုင်းမှာလည်း ပြဿနာ များစွာ ဖြစ်လာလိမ့်ဦးမည်။ အဆောက်အဦးများ မီးလောင်ပျက်စီးမှု ကလည်း ရှိသေး၏။

နန်းကျမင်းသားဆောင် သည်လည်း အနောက်ဘက် တစ်ပိုင်းလုံး မီးထဲပါသွား၏။ မင်းကြီး၏ အမိန့်အရ အဆောင်ကို ဖြိုဖျက်မပစ်ဘဲ မီးလောင်သွားသော နေရာများကိုသာ ရှင်းထုတ်ပြီး ယခင် ပုံစံအတိုင်း အတိအကျ ပြန်၍ ဆောက်လုပ်လေသည်။ အဆောင်လွတ်တစ်ခုတွင် ယာယီ တည်းခိုနေရသော နန်းကျမင်းသားသည် ငါးရက်အတွင်းမှာပင် သူ ငယ်စဉ်တည်းက နေထိုင်ခဲ့သော အဆောင်ကြီးဆီ ပြန်လည် ပြောင်းရွှေ့ နေထိုင်နိုင်လေသည်။

နန်းကျမင်းသားWhere stories live. Discover now