CHAPTER [ 2 ]

20K 2.2K 52
                                    

"ပြေးတော့ ရောင်ခြည်...မေမေပြောတာကြားလား!"

Daddy ရဲ့ လက်ထဲမှာ ရုန်းရင်းကန်ရင်းနဲ့ မေမေက သူပဲနားလည် တဲ့ ဘာသာစကားဖြင့် အော်ဟစ် သတိပေးလေ၏။

ဆဲရေးတိုင်းထွာပြီး မေမေ့ပါးကို ရိုက်ချလိုက်တဲ့ Daddy က နတ်ဆိုးတစ်ပါးလိုမျိုး။

သူ အမြဲတမ်း ကြုံရတဲ့ ကိစ္စဖြစ်သော်လည်း အချိန်တိုင်းမှာ ရောင်ခြည် ကြောင်အနေလေ့ရှိသည်။မေမေ့ကို ဝင်ဆွဲရင် သူပါ ရိုက်ခံရမည်။Daddyကို အားရှိသမျှ တော်လှန်တတ်တဲ့မေမေက သူ ဒဏ်ရာရရင်တော့ ငိုလိမ့်မည်။

"ပြေး! ရောင်ခြည်...ဝေးဝေးကို ပြေး!"

နယ်စပ်မြို့ငယ်လေးရဲ့တိတ်ဆိတ်တဲ့ ညမှာ မေမေ့ရဲ့အော်သံက အက်ကွဲနေသည်။ကြမ်းတမ်း အားသန်လွန်းတဲ့ Daddy က မေမေ့ကို ဆံပင်ကနေ ကြမ်းပေါ် ဒရွတ်တိုက် ဆွဲသွားသည်။လက်တစ်ဖက်ထဲရှိ Vodka ပုလင်းထဲက အရက်လက်ကျန်ကို မော့ချပြီး
ပုလင်းခွံကို သူ့ဖက် ပစ်ပေါက်၏။

အုတ်နံရံကို အရှိန်နှင့်ရိုက်ပြီး အက်ကွဲသွားတဲ့
ဖန်စတစ်ချို့ သူ့ထံ လွှင့်စင်လာသည်။​ခုနှစ်နှစ်အရွယ် ရောင်ခြည်လေးက ပြေးဖို့ပဲ တတ်နိုင်တော့သည်။ပြီးခဲ့တဲ့ မိုးရာသီတုန်းက သူ ငိုယိုပြီး မေမေ့ကို ပြေးဖက်တော့ Daddy က ဆောင့်တွန်းလိုက်လို့ သူ သတိလစ်သွားဖူးသည်။အဲ့ဒီနေ့က Daddy ကို ရဲတွေ လာဖမ်းသွားပြီး မကြာ။ ဒီနေ့ ထပ်ဖြစ်ပြန်ပြီ။

သူ ပြေးနိုင်သမျှ အဝေးဆုံးကို ပြေးသည်။သို့သော် တစ်နေရာ အရောက်တွင်တော့ သူရပ်တန့်ရမြဲ။မြို့အစွန် နယ်စပ်ဂိတ်မရောက်ခင် ရထားလမ်းပျက်ဘေး။ထိုနေရာသည် သူပုန်းခိုရာဖြစ်သည်။ရထားတွဲ ပျက်ကြီးတစ်ခုထဲ သူပြေးတက်လိုက်သည်။ပါတ်ဝန်းကျင်က မှောင်မဲလျက်ရှိသည်။ခလုတ်တစ်ချက်မထိဘဲ အရောက်ပြေးလာနိုင်ခဲ့တာဟာ သူ့ခြေထောက်တွေက ပြေးလမ်းပေါ် အသားကျနေခြင်းကြောင့်လား မသိပါ။

ခုံတန်း တစ်ခုကြား တွားဝင်လိုက်ပြီး သူ နံရံတွင် ကပ်နေလိုက်သည်။တုန်ယင်နေသည့် ​ဒူးနှစ်ဖက်ကို တင်းတင်း ပိုက်ထားပြီး သူရေရွတ်ဆုတောင်းမိသည်။

RAYWhere stories live. Discover now