နိဒါန်း

743 34 0
                                    

ထိုနေ့က သူကျွန်ုပ်ကို လာရှာခဲ့သည်။

အဲ့သည့်အချိန်၌ တဖွဲဖွဲရွာသွန်းနေသော မိုးရေစက်တို့ကြောင့် လေထုမှာ စိုထိုင်းနေပြီး ကျွန်ုပ်ကတော့ ဝါးအိမ်လေးထဲ၌ ဗျပ်စောင်းတီးခတ်လျက်ရှိ၏။ တေးသွားသံစဉ်သည် ဝမ်းနည်းပူဆွေးဟန်ဖြင့် အနီးအနားရှိပုရွတ်ဆိတ်များကို ဟိုတစ်စုသည်တစ်စုကွဲပြားသွားအောင် ခြောက်လှန့်လို့နေသည်။ ကျွန်ုပ်ဖန်တီးထားသည့် နတ်ဆိုးတီးလုံးနှင့်ယှဉ်လျှင် ကျွန်ုပ်ဆီလျှောက်လှမ်းလာသော ထိုသူ၏မျက်နှာသည် တည်ငြိမ်မှုကိုဖော်ကြူးထားသည့် ပန်းချီကားတစ်ချပ်နှယ်။

သူ့ဆံနွယ်သည် မဟူရာကဲ့သို့နက်မှောင်နေပြီး သူ့ဝတ်ရုံမှာ ဆီးနှင်းကဲ့သို့စွတ်စွတ်ဖြူနေသည်။ သူ့နဖူးအလယ်တည့်တည့်တွင် သွေးနီရောင်အလိမ်အကောက်ပုံသဏ္ဍာန်တစ်ခုစွဲထင်နေသည်။ ကျွန်ုပ်အား စူးစိုက်ကြည့်နေသော သူ့အကြည့်မှာ ရေသေကန်ကဲ့သို့ ကြည်လင်နေပြီး ခံစားချက်တို့ ဥသုံကင်းမဲ့လျက်။

သူ့နောက်မှလိုက်လာသည်ကား ငယ်ရွယ်သော မိန်းမပျိုလေးတစ်ယောက်ဖြစ်ပြီး သူမမျက်နှာကိုမူ ကြီးမားသော ခေါင်းဆောင်းအောက်တွင် ဖုံးကွယ်ထားလျက်ရှိသည်။ ထိုခေါင်းဆောင်းပတ်ပတ်လည်တွင် အဖြူရောင်အဝတ်စတစ်ခုအား ဒူးခေါင်းနားထိ တွဲလွဲချထားကာ သူမတစ်ကိုယ်လုံးအား မြင်ကွင်းမှ ကွယ်ဝှက်ထားလေသည်။ သတိမထားမိစွာပင် ကျွန်ုပ်သူမကို မငေးကြည့်ဘဲ မနေနိုင်ခဲ့၊ ထိုအဝတ်စအောက်ရှိသူမသည် အလွန်တရာဆွဲဆောင်မှုရှိသည့်မိန်းကလေးဖြစ်လောက်သည်ဟု ကျွန်ုပ်ဘာသာတွေးတောနေမိ၏။

"ကျွန်တော်လူတစ်ယောက်ကိုရှာဖို့ အကူအညီလာတောင်းတာပါ"

နောက်ဆုံးမှာတော့ ထိုသူစကားစပြောလေ၏။ သူ့အသံသည်လည်း သူ့ကဲ့သို့ပင် အေးစက်စက်နိုင်လွန်းနေသည်။

ကျွန်ုပ်ဗျပ်စောင်းအား ဆက်လက်တီးခတ်နေရင်း သူ့အား အမှတ်မထင်တစ်ချက်ကြည့်ပြီး ခေါင်းငုံ့ထားလျက်ပြောလိုက်၏။

"ကံကြမ္မာသခင်က လူပျောက်ရှာဖွေတဲ့ တောင်းဆိုချက်တွေကို လက်မခံဘူး။ ကျေးဇူးပြုပြီး သွားပါတော့။ ငါမင်းကို ထွက်တွေ့မှာမဟုတ်ဘူး"

ကူတစ်သောင်းရဲ့ အလင်္ကာWhere stories live. Discover now