အပိုင်း - ၂

452 31 0
                                    

ကျွန်ုပ်စားပွဲခုံရှေ့တွင် ထိုင်လိုက်ပြီး ကျွန်ုပ်နှင့်စုပိုင်၏ တစ်ခုတည်းသော တွေ့ဆုံမှုအကြောင်းကို ယွဲ့ချီအား ဖြည်းဖြည်းချင်း ပြန်လည်ပြောပြနေသည်။

ယွဲ့ချီက ကျွန်ုပ်နှင့် မျက်နှာချင်းဆိုင်ထိုင်နေပြီး သူ့မျက်နှာအမူအရာသည် ရေသေကန်ကဲ့သို့ ခံစားချက်ကင်းမဲ့လျက်ရှိသည်။ မျှော်စင်အောက်မှ သူမ၏ဝမ်းနည်းဖွယ်ငိုကြွေးမှုအကြောင်း ကျွန်ုပ်ပြောပြသည်ကို ကြားရသောအခါမှသာ သူရုတ်တရက်တွန့်ဆုတ်သွားလေ၏။

ထို့နောက် ကျွန်ုပ်သူ့အား ပြောလိုက်သည်။

"ငါသူမအတွက် အိပ်မက်တစ်ခု လုပ်ပေးခဲ့ဖူးတယ်။ မင်းသူမကို တကယ်တွေ့ချင်ရင် ငါမင်းကို သူမအိပ်မက်ထဲ ထည့်ပေးလို့ရတယ်။ အဲ့ဒါကို သူမရဲ့အတိတ်အဖြစ် ပြောင်းလိုက်ပြီး မှတ်ဉာဏ်တွေထဲကနေ ငါတို့သူမကို ရှာလို့ရတယ်။ အဲ့လိုဆိုရင်တော့ သူမကို တွေ့လောက်မှာပါ"

"ခင်ဗျားရော ဘာလိုချင်လဲ"

သူခေါင်းမော့ကာ မေးခွန်းထုတ်လာ၏။

ကျွန်ုပ်ခဏမျှစဉ်းစားကြည့်ပြီးနောက် ဘာမှမလိုချင်သောကြောင့် သူ့ကိုသာ မေးလိုက်သည်။

"မင်းသူမကို ချစ်ခဲ့လား"

သူသည် သူ့အကြည့်ထဲမှ ခံစားချက်များကို ဖုံးကွယ်ရန် မျက်လုံးများကို အောက်ဘက်သို့ စိုက်ချထား၏။ အချိန်အတော်ကြာသွားပြီး နောက်ဆုံးတွင် သူပြန်ဖြေလာခဲ့သည်။

"လွန်ခဲ့တဲ့သုံးနှစ် သူမပျောက်သွားပြီးတော့ ကျွန်တော်သူမကို လိုက်ရှာနေခဲ့တာ။ အားလိုင်ပြောတာကတော့ သူမက ကျွန်တော့်အမိန့်တွေကို မနာခံချင်တော့လို့ ထွက်ပြေးသွားတာတဲ့။ ကျွန်တော့်ကို ထပ်မြင်နေရတာထက် အသေပဲခံလိုက်မယ်လို့ ဆိုလောက်တဲ့အထိ သူမကကျွန်တော့်ကို မုန်းနေလို့တဲ့"

"ဒါပေမယ့်..."

သူခဏရပ်ဆိုင်းလိုက်သည်။ သူ့အသံသည် ခံစားချက်ကင်းမဲ့နေဆဲဖြစ်သော်လည်း ၎င်း၌ သေချာမှုတစ်စိတ်တစ်ပိုင်းပါဝင်နေသည်။

"ကျွန်တော်မယုံဘူး"

"မင်းက ဘာလို့မယုံရတာလဲ"

ကူတစ်သောင်းရဲ့ အလင်္ကာWhere stories live. Discover now