အပိုင်း - ၁

1K 154 0
                                    

စုပိုင် - ထိုအမည်သည် မဟာယွဲ့ပြည်ရှိလူတိုင်းနှင့် အကျွမ်းတဝင်ဖြစ်နေသည်။

အကြောင်းမှာမူ စုပိုင်သည် သာမန်ထက်ထူးကဲစွာ အထုံပါရမီရှိခြင်းကြောင့်မဟုတ်ဘဲ ဒဏ္ဍာရီတွင်စမှတ်ပြုရလောက်အောင် ထင်ရှားကျော်ကြားလှသည့် စုမိသားစု၏ တစ်ဦးတည်းသော ကျန်ရစ်သူမျိုးဆက်ဖြစ်နေသောကြောင့်ပင်။

လွန်ခဲ့သောဆယ်နှစ်ခန့် လော့ယန်မြို့တော်သိမ်းပိုက်ခံရပြီးနောက် ရာစုနှစ်ပေါင်းများစွာ ဩဇာအာဏာဂုဏ်သတင်းမွှေးပျံ့ခဲ့သော စုမိသားစုသည် ညတွင်းချင်းပြိုကွဲသွားသည်။ အမျိုးသားများအားလုံး အသတ်ခံရပြီး လော့ယန်၏အုတ်တံတိုင်းများနောက်တွင် မြေမြှုပ်ခံခဲ့ရ၏။ အမျိုးသမီးများမှာတော့ စုမိသားစုစံအိမ်အတွင်းမှာပင် သူတို့ကိုယ်သူတို့ ကြိုးဆွဲချသွားကြသည်။

ဤသွေးချောင်းစီးမှု၏ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူမှာ သမီးငယ်လေးစုပိုင်ဖြစ်ပြီး သူမက အစအနပင်မကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။ စုမိသားစု၏ သစ္စာရှိလက်အောက်ခံများသည် ထိုမိန်းကလေးအား ဆယ်နှစ်ကျော်ကြာ နေရာအနှံ့လိုက်လံရှာဖွေခဲ့ကြ၏။ ယခုတိုင်အောင် လော့ယန်၏အုတ်တံတိုင်းများပေါ်တွင် သူမရုပ်ပုံများ ကပ်ထားဆဲဖြစ်သည်။ မြို့တော်တစ်လျှောက် မုန်တိုင်းထန်စေခဲ့သော ထိုအရေးအခင်းကြောင့် မဟာယွဲ့ပြည်အတွင်း၌ စုပိုင်ဟူသောအမည်နှင့် မရင်းနှီးသူမရှိချေ။

ဆယ်နှစ်ကြာပြီးနောက် ကျွန်ုပ်ရှေ့တွင် ရုတ်တရက်ပေါ်လာသော ထိုမိန်းကလေးက သူမစုပိုင်ဖြစ်ကြောင်းကို မထူးဆန်းသောလေသံဖြင့် ပြောနေသည်။

သာမညောင်ညအရပ်သားတစ်ယောက်အနေဖြင့် သူမအမည်အား ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်အံ့အားသင့်လွန်း၍ ကန်စွန်းဥပင် နင်သွားခဲ့သည်...။

သူမက ကျွန်ုပ်မျက်နှာတွင်ပေါ်လွင်နေသော တုန်လှုပ်မှုကိုကြည့်ကာ အသံတိတ်ရယ်မောပြီးနောက် ဆက်ပြောလေ၏။

"အဲ့တုန်းက ကျွန်မတောင်ပိုင်းကျောက်ပြည်ကို ရောက်သွားလို့ သူတို့ကျွန်မကို လိုက်ရှာနေမှန်း လုံးဝမသိခဲ့ဘူး။ နောက်ဆုံး ကျွန်မသိသွားတော့လည်း ပြန်သွားဖို့က အရမ်းနောက်ကျသွားပြီလေ"

ကူတစ်သောင်းရဲ့ အလင်္ကာWhere stories live. Discover now