အပိုင်း [ ၁ ]

45.6K 2.1K 265
                                    

Unicode

တိတ်ဆိတ်နေသောပတ်ဝန်းကျင်မှာ မိုးစက်ကျသံတွေကသာကြီးစိုးနေသည်။ ဆိတ်ငြိမ်နေသော ရပ်ကွက် လေးသည် ည၏အလယ်မှာ ပိုပြီး ခြောက်သွေ့နေသယောင်။ ထို့အတူ အမျိုးသမီး တစ်ယောက်ရဲ့ ငိုရှိုက်သံသည် မိုးသံတွေကြားမှာ ခပ်သဲ့သဲ့။

စားပွဲပေါ်မှာထောင်ထားတဲ့ ဓာတ်ပုံထဲ မှ လူသည် ဤအခြေအနေတွေက သူနဲ့မသက်ဆိုင်တော့သည့်အလားအေးချမ်းစွာပြုံးနေသည်။ အမျိုးသမီးက ဓာတ်ပုံကိုတွေတွေကြီးစိုက်ကြည့်ကာ မျက်ရည်တွေကျနေသည်။ ရင်တွင်းမှာကြီးစိုးနေတဲ့ခံစားချက်ကြောင့် အမျိုးသမီးရဲ့နှုတ်ခမ်းသားများက တဆတ်ဆတ်တုန်နေသည်။ ငိုပါများလုံး နီရဲဖောင်းကားနေသော မျက်ခွံသည် ပိတ်လုနီးပါးရှိနေသည်။

အမျိုးသမီးက သူနဲ့အတူ အခန်းထဲမှာ ထိုင်နေသော ကလေးငယ်အားလှမ်းကြည့်သည်။ မျက်တောင်ရှည်ရှည် မျက်နှာကျပုံသွယ်သွယ်လေးနဲ့ ကလေးငယ်သည် 3 တန်းဆိုသော အရွယ်နဲ့ပင် မလိုက်ဖက် လှရက်လွန်းသည်။ လှပလွန်းသော မျက်ဝန်းလေးတွေသည် ဖခင်ဖြစ်သူ ဓာတ်ပုံအား ကြည့်ကာ မျက်ရည်တွေဖြင့်။

သေခြင်းတရားဆိုတာဘာလည်း ကလေးငယ်သေချာမသိပါ။ သို့သော် သူ့အဖေ သူ့ဆီဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတာကို သူ့မိထွေးပြောပြ၍နားလည်နေခဲ့သည်။ ဘယ်တော့မှ ပြန်မလာနိုင်တော့သော ဖခင်ရဲ့ဓာတ်ပုံကို ကလေးငယ်သည် လွမ်းမောစွာကြည့်နေသည်။ နှုတ်ဆက်သွားဖော်လေးတောင်မရသွားတဲ့ ဖခင်ကို ကလေးငယ်သည် အပြစ်တင်နေဟန်လည်းမရှိ။ ညတိုင်းအိမ်ပြန်လာနေကျ ဖခင်က ပြန်မလာတော့တဲ့အခါ ကလေးငယ်ရဲ့ရင်ထဲမှာ ဒဏ်ရာလေးနဲ့ရှိနေလိမ့်မည်။

အမျိုးသမီးသည် ကလေးငယ်အားငေးကြည့်နေရင်းမှ အခန်းထဲကို ပြေးဝင်သွားသည်။ ပြန်ထွက်လာတဲ့အခါမှာ လက်ထဲမှာ အဝတ်ထည့်ရန် အိတ်တလုံးကပါလာသည်။ ဗီရိုကိုဖွင့်ကာ အဝတ်တွေကို ဆွဲချနေသည့်လက်တွေကတုန်ယင်နေသည်။ တွေ့သမျှအဝတ်တွေကို အိတ်ထဲကို ထိုးကြိတ်ထည့်သည်။ လိုအပ်သော စာရွက်စာတမ်းတွေကို ထိုးထည့်ရင်း အမျိုးသမီးသည် တစုံတခုသော ဆုံးဖြတ်ချက် ကိုချထားပြီးသည့်ဟန်။

Love LIES Bleeding [ Completed ]Where stories live. Discover now