အပိုင်း [ ၃ ]

13.2K 1.5K 90
                                    

Unicode

" ဟေ့ "

" ဟေ့ ဟေ့ "

ပထမတကြိမ်ခေါ်တော့ ကိုယ့်ကို ခေါ်နေတယ်မထင်။ဒုတိယတကြိမ် ထပ်ခေါ်သံကြောင့် အနောက်ကို လှည့်ကြည့်တော့ ဘယ်သူ့ကိုမှမတွေ့။ နေ့ခင်းထမင်းစားပြီးချိန်ဆို ဒီအပင်ကြီးအောက်မှာ လာထိုင်ဖြစ်သည်။ အေးအေးချမ်းချမ်းရှိတဲ့ ဒီနေရာကို သဘောကျလို့လည်းဖြစ်သည်။

အပေါ်ကနေ ပြစ်လိုက်တဲ့ သစ်ကိုင်းသေးသေးလေးက ထယ်ယောင်း ရဲ့ခေါင်းပေါ် ဖြည်းဖြည်းလေးလာရောက်ထိမှန်သည်။ ထိုအခါမှထယ်ယောင်းမှာ အပင်ပေါ်သို့မော့ကြည့်မိသည်။ အပင်ပေါ်မှာ ကောင်လေး တစ်ယောက်။ ထယ်ယောင်းထက် အသက်ကြီးပုံရတဲ့ ကောင်လေးက ထယ်ယောင်းကို နှစ်လိုဖွယ်အပြုံးနဲ့ပြုံးပြနေတယ်။ သစ်ပင်ပေါ်မှာ အကျအနထိုင်ကာ တဖက်က သစ်ကိုင်းကို ကိုင်ပြီး ရယ်ပြနေတဲ့ကောင်လေးကို ထယ်ယောင်းက ပြန်ပြီးမော့ကြည့်နေမိတယ်။

ထိုခဏအတွင်းမှာဘဲကောင်လေးက အပင်ပေါ်ကနေကျွမ်းကျင်စွာဆင်းလာပြီး ထယ်ယောင်းရှေ့ကို လမ်းလျှောက်လာတယ်။ ထယ်ယောင်းက တခါမှမမြင်ဖူးသေးတဲ့ သူစိမ်းကို ကြောင်ကြည့်နေတုန်းဘဲ။ အနားရောက်လာတဲ့အထိ ငေးကြည့်နေတဲ့ ထယ်ယောင်းကို ကောင်လေးကခေါင်းလေးကိုခပ်ဖွဖွလေးပုတ်လိုက်တယ်။

" မင်း ဒီကိုရောက်နေတာ ၂ ရက်ရှိပြီမဟုတ်လား "

" ဟုတ် "

ထယ်ယောင်းက ယောင်နနလေးဖြင့်ပင် ခေါင်းညိတ် ရင်းဖြေသည်။ ထိုအခါ ပြုံးပြလာတဲ့အပြုံးတွေက မျက်ဝန်းတွေထိ လှိုက်လှိုက်လှဲလှဲ။ အင်္ကျီ အနီ ဘောင်းဘီအပြာရောင်တိုတို ရုပ်ရည်သန့်သန့်လေးနဲ့ ထိုကောင်လေးက ဒီဂေဟာကိုထယ်ယောင်းရောက်တည်းကနေ ပထမဆုံးစကားလာပြောတဲ့လူ။

" ကျွန်တော်ဒီရောက်နေတာ ၂ ရက်ရှိတာ ဘယ်လိုသိတာလဲ "

ထယ်ယောင်းဘက်ကပင်စတင်မေးခွန်းထုတ်တော့ ထိုကောင်လေးက သဘောကျစွာရယ်တယ်။ ပြီးတော့ ထယ်ယောင်းကို ကြင်နာစွာကြည့်ရင်းဆိုတယ် ။

" ဒီကိုဘယ်သူရောက်လာလဲ သိရဖို့မသိရဖို့က အကို့အတွက်မခက်ပါဘူး။ ဘာလို့ဆို ဒီမှာနေလာတာ အကို မွေးစအရွယ်တည်းက ဆိုပါတော့ "

Love LIES Bleeding [ Completed ]Where stories live. Discover now