1

11.8K 724 60
                                    

[Unicode]

"စက်သေနတ်လေး"

နွေရာသီ၊၂၀၁၄

ရှဲ့ကျူရှင်း သူ့လေ့ကျင့်ဝတ်စုံ ကော်လံကို ကိုင်ရင်း ဆွဲခါလိုက်သည်။ နှစ်နာရီကြာအောင် ကခုန်ပြီးချိန်မှာတော့ သူ့အင်္ကျီက ချွေးများ ရွှဲရွှဲစိုကာ သူ့ခန္ဓာကိုယ်ကိုပင် ကပ်နေတော့သည်။ သီချင်းသံက သူ့ဖုန်းမြည်သံကို ဖုံးထားခဲ့သည်။ အခု သူ သီချင်းသံ ပိတ်လိုက်တော့မှ သူ့ဖုန်းတွင် missed callများစွာနှင့် သူ့ ကောင်မလေးဆီမှ စာတစ်စောင်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမ စာထဲတွင် အရေးကြီး ကိစ္စတစ်ခု ရှိတာမို့ အိမ်ကို အစောပြန်ခဲ့ဖို့ သူ့အားပြောထားလေသည်။

သူ ရေအမြန်ချိုးကာ အဝတ်အစားလဲပြီး အကခန်းထဲမှ ထွက်လာလိုက်သည်။ သူ စင်္ကြံလမ်း ထောင့်ချိုးသို့ ရောက်ချိန်တွင် လေ့ကျင့်ဖို့ လာသည့် သင်တန်းသားနှစ်ယောက်ကို တွေ့လိုက်ရသည်။ သူတို့က သူ့အား ပြောလာသည်။

"ဘာလို့ မင်း ဒီမှာ ရှိနေသေးတာလဲ။ ဒါရိုက်တာက မင်းကို ရှာနေတယ်။ ရုံးခန်းကို လာခဲ့ဦးတဲ့။"

သူ ရေစိုနေတဲ့ ဆံပင်ကို ခါရင်း မေးလိုက်သည်။
"သူက ဘာအကြောင်းကြောင့် ရှာတာတဲ့လဲ။"

သင်တန်းသားများက ပြောလာသည်။ "ငါတို့လည်း မသိဘူး။ သူ ဒီနေ့ တစ်နေကုန် လူတွေ အများကြီး ခေါ်တွေ့နေတယ်။"

ရှဲ့ကျူရှင်း အစက အိမ်ပြန်မလို့ လုပ်ထားပေမယ့် အခုတော့ အပေါ်ထပ်ရှိ ဒါရိုက်တာရုံးခန်းသို့ တက်သွားကာ တံခါးခေါက်ပြီး ဆွဲဖွင့်လိုက်သည်။

အခန်းထဲတွင် ဒါရိုက်တာအပြင် အခြားလူနှစ်ယောက်လည်း ရှိနေသေးသည်။ တစ်ယောက်က မျက်မှန်တပ်ထားကာ ကျိုးနွံ့သလို ပုံစံရှိပြီး ဒါရိုက်တာနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။ အခြားတစ်ယောက်ကတော့နေကာမျက်မှန် တပ်ထားကာ ဆိုဖာပေါ်တွင် ခြေဆင်းကာ ထိုင်နေသည်။ သူ့ခြေထောက်တစ်ဖက်ကဆိုရင်ဖြင့် မှန်စားပွဲအစွန်းပေါ်တောင် တင်ထားလိုက်သေးသည်။ သူက လက်ပြတ် အမဲရောင် တီရှပ်ကို ဝတ်ထားပြီး သူ၏ တက်တူးအပြည့် လက်မောင်းများကို ဖော်ပြထားသည်။

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now