21

2.1K 461 96
                                    

[Unicode]

'ပူ၏'

ည မအိပ်ခင် ရှဲ့ကျူရှင်း ကုမ္ပဏီရဲ့ post အောက်မှ မှတ်ချက်များကို တစ်ဖန်ထပ်၍ ဖတ်နေလိုက်သေးသည်။

ဝမ်ချောင်က ဒီမကောင်းတဲ့မှတ်ချက်များကြောင့် ဒေါသတကြီးဖြစ်နေပေမယ့် သူကိုယ်တိုင်ကတော့ စိတ်မသက်မသာဖြစ်ခြင်းတောင် မရှိနေ။ ရှဲ့ကျူရှင်းက သူ့အဖွဲ့သားများနှင့် မတူကွဲပြားလှသည်။ ဒီလောကထဲ နှစ် နှစ်ကျော် လည်ပတ်ခဲ့ဖူးသူဖြစ်သည့်အလျှောက် ပွဲဦးထွက်ပြီးတာနှင့် ကြုံတွေ့လာရမည့် ဝေဖန်မှုများကို သူ့ဘက်က စိတ်ပိုင်းဆိုင်ရာအသင့်ပြင်ထားပြီးဖြစ်နေ၏။

ဝမ်ချောင်ကတော့ အတွင်းခံလေးသာ ဝတ်လျက် သူ့ဘေးတွင် လှဲနေပြီး ဂိမ်းဆော့ရင်း ဆဲရေးလို့နေသည်။ အတော်ကြာ ကစားပြီးသည့်နောက် သူက လက်ထဲ ဖုန်းကိုင်ထားရင်းနှင့် အိပ်ပျော်သွားတော့သည်။

ရှဲ့ကျူရှင်းမှာ ရယ်ချင်မှုအတိနှင့်ရွှင်မြူးနေလျက် သူ့ကို စောင်ပါးလေးခြုံပေးလိုက်လေသည်။ ဝမ်ချောင်က အမြဲလိုလို ထိုအတိုင်းသာ အိပ်လေ့ရှိသည်။ ဖုန်းဆော့နေရင်း၊ စကားပြောနေရင်းနှင့် ရုတ်တရက် သူ့ခေါင်းကို ဘေးစောင်းပြီး အိပ်ပျော်သွားတတ်သည်။ မသိတဲ့လူသာဆို သူ့ကို သတိလစ်သွားသည်ဟု တွေးကြမှာပင်။

မီးများ မှိတ်ပြီးတာနှင့် ရှဲ့ကျူရှင်းလည်း လှဲလျောင်းကာ အိပ်ရန်ပြင်လိုက်ပေမယ့် သူ့ခေါင်းအုံးဘေးရှိဖုန်းက ရုတ်တရက် မီးအရောင်လင်းလာလေသည်။

ယန်ကျားကျား သူ့ကို စာတိုပေးပို့လာခြင်းသာ။ [ဂုဏ်ပြုပါတယ်၊ Tomas]

သူတွေးကြည့်ပြီးနောက် ပြန်ပြောလိုက်သည်။ [ကျေးဇူး]

ထိုစကားနှစ်လုံးက အတော်လေးယဉ်ကျေးပြီး အေးစက်စက်လည်းနိုင်လှသည်။ အထူးသဖြင့် တစ်ချိန်က လက်ထပ်မည်ဟုတွေးထားခဲ့ဖူးတဲ့ ကောင်မလေးတစ်ယောက်အပေါ်ဆိုလျှင်ပေါ့။

သို့ပေမယ့် ထိုစကားကလွဲပြီးလည်း အခြားဘာပြောရမလဲ သူ မသိ။

သူတို့နှစ်ယောက်က အတန်းဖော်များဖြစ်ပြီး ကျောင်း၌လည်း ဆက်ဆံရေး အတော်လေးကောင်းကြသည်။ ဘွဲ့မရခင် ယန်ကျားကျားဘက်မှ စလို့ဖွင့်ပြောခဲ့တာမို့ သူတို့တွဲဖြစ်ခဲ့ကြသည်။ ထိုအချိန်က ယန်ကျားကျားမှာ အလွန်ရိုးရှင်းလှတဲ့ကောင်မလေးငယ်လေးသာ။ Valentine နေ့အတွက် ပန်းစည်းနဲ့ ချောကလက်ပဲ ပေးရင်တောင် သူမက ပျော်လွန်းလို့ခုန်ဆွခုန်ဆွဖြစ်နေတတ်သည်။

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now