Chapter<42> ကတောက်ကဆ

222 44 0
                                    

Zawgyi

အပန်းဖြေစံအိမ်ခြံဝန်းအတွင်း သစ်လုံးအိမ်ငယ်သုံးလုံးနှင့် ပင်မအိမ်တစ်လုံးရှိသည်။ ဘန်ဂလိုနှစ်လုံးကိုကား အိမ်၏တောင်ဘက်နှင့်အနောက်ဘက်တွင်တစ်လုံးစီထားသည်။ ပင်မစံအိမ်အောက်ထပ်၏ဧည့်ခန်းမှကြည့်လျှင် Puzzle Woods တောအုပ်ဘက်ကိုခပ်ရေးရေးမြင်နိုင်၏။ ထို့အပြင် အိမ်အပြင်ဘက်တွင် ခရစ်စမတ်ပွဲတော်အချိန် တန်ဆာဆင်ထားသောမီးသီးလေးများ၏ တဖျတ်ဖျတ်လင်းနေမှုက မျက်စိပသာဒဖြစ်စေသည်။

ဇွန်ဆေးသည် ဘောင်းဘီအိတ်ထဲတွင်လက်နှိုက်ကာဝိုင်ခွက်ကိုကိုင်လှုပ်ရင်း မီးသီးလေးများကိုကြည့်ရှုနေသည်။ တစ်အိမ်လုံးတွင်သူနှင့်ပိုင်ချီမင်တို့နှစ်ယောက်အပြင် အိမ်စေအနည်းငယ်သာရှိသောကြောင့် တိတ်ဆိတ်နေ၏။ အကယ်၍တစ်ဖက်အိမ်မကြီးတွင်ဆိုပါက မြို့တော်ဝန်ကသူ၏မိတ်ဆွေများကိုပင့်ဖိတ်ကာပါတီပွဲကျင်းပလိမ့်မည်။ ခဲဆိုနှင့်လီရှတို့က သူတို့၏သူငယ်ချင်းများနှင့် တစ်ညလုံးအချိန်ကုန်ပျော်ပါးနေကြလိမ့်မည်။

ဇွန်ဆေးသည် ပိုင်ချီမင်နှင့်လက်မထပ်ခင်အချိန်ကထိုသို့သောပါတီပွဲများကို မဆုံးနိုင်အောင်တက်ခဲ့ရဖူးသည်။ အပေါင်းအသင်းများနှင့်ညဥ့်နက်သည်အထိသောက်စားပျော်ပါးခဲ့ဖူးပေ၏။ သူ၏ဘဝတွင်းသို့ပိုင်ချီမင်ဝင်ရောက်လာခဲ့ပြီးနောက်တွင် ထိုသို့သောလူများရှုပ်ထွေးနေသည့်နေရာမျိုးကိုသွားရန်စိတ်မပါတော့ပေ။

သူ၏မှတ်ဉာဏ်တွင် အလုပ်အကြောင်းများသာအစဉ်ပြည့်နှက်နေခဲံသည်။ ဟိတ်ဟန်ကြီးကာ အန္တရာယ်အနန္တကျယ်ပြောလှသည်အထက်ပိုင်းလောကတွင်ရှောင်တိမ်းသွားလာရန် ခေါင်းမှအငွေ့ထွက်သည်အထိစဉ်းစားနေခဲ့ရသည်။ တစ်ချိန်တစ်ခါမှအနားမယူခဲ့ရသလို အေးချမ်းစွာလည်းမနေခဲ့ရပေ။ ပိုင်ချီမင်သူ့အနားတွင်ရှိနေသည့်အချိန်လေးသာ ငြိမ်းချမ်းမှုကိုခံစားရသည်။

"ဟေး...!ဘာတွေစဉ်းစားနေတာလဲ"

ပိုင်ချီမင်ကား လက်တစ်ဖက်တွင်ရေနွေးခွက် တစ်ဖက်တွင်ဝက်ပေါင်ခြောက်ကိုကိုင်ထားပြီး သူ၏ပုခုံးကိုအရှိန်မပါဘဲတိုက်လိုက်သည်။ ဇွန်ဆေးဧည့်ခန်းတွင်းဝင်သွားစဉ်တည်းက သူကအနောက်မှရပ်ကြည့်နေခဲ့ခြင်းဖြစ်ပြီး အနှီကောင်လေးကျောက်ရုပ်ကဲ့သို့မလှုပ်မယှက်ရပ်နေသည်မှာအတော်ပင်ကြာပြီဖြစ်သောကြောင့် သူပျင်းရိလာသည်။ ထို့ကြောင့် ထိုကောင်လေးအားအနည်းငယ် စနောက်ချင်လာ၏။ဇွန်ဆေးကသူ့အားနူးညံ့စွာပြုံးပြကာ တုံ့ပြန်သည်။

The Immortal World:Starway(The Legends Of Sorrowless Capital)Where stories live. Discover now