Chapter<100> တောတွင်းပဋိပက္ခ(၅)

77 17 0
                                    

Zawgyi

ပြင်းထန်သောအကာအကွယ်အားကောင်းမှုကြောင့်အမည်မသိရန်သူ၏ ဓားချက်က လွဲချော်သွားကာခြောက်သွေ့သည့်မြေကြီးထက်တွင် ထိတ်လန့်ဖွယ်ရာနက်ရှိုင်းသည့် ဓားရာတစ်ချက်ပေါ်လာလေ၏။ ဘေးဘက်သို့လိမ့်သွားသည့် လူနှစ်ယောက်မှာယခုအခါ တစ်ယောက်မျက်နှာတစ်ယောက်မှင်သက်စွာကြည့်နေမိကြပြီး အတန်ကြာသည်အထိစကားမပြောနိုင်ကြပေ။

လုံခြုံရေးတပ်ဖွဲ့ခေါင်းဆောင်ဇွန်ဆေး ယခုမှပင်မျက်မှန်တပ်မထားမိသည်ကိုနောင်တရသည်။ လူပေါင်းသောင်းခြောက်ထောင်ခေါက်တုံ့ခေါက်ပြန်ပြေးလွှားနေသည့် စစ်မြေပြင်တွင်အဆိုပါမျက်မှန်သည် ထက်ပိုင်းကျိုးသွားနိုင်တာ ကြောင့် အိတ်ထဲတွင်သာထည့်သိမ်းထားခဲ့သည်။ ယခုအခါသူ့မျက်လုံးကိုဖုံးကွယ်ထားရန် မည်သည့်အရာမှရှိမနေပေ။

ပထမဆုံးအကြိမ်တွင် ဇွန်ဆေး၏ကြောက်လန့်ဖွယ်ကောင်းသည့် မျက်လုံးများကိုမြင်ရစဉ်က ပိုင်ချီမင်မူးမေ့လဲမတတ်ကြောက်ရွံ့သွားခဲ့ရသည်။ နောက်ပိုင်းမြင်တွေ့ဖန်များလာရသည့်အခါ ကြောက်ရွံ့ခြင်းထက်သနားကြင်နာစိတ်များသာဝင်လာပြီး တာဝန်ယူလိုသည့်ခံစားချက်များ တဖွားဖွားပေါ်ပေါက်လာခဲ့၏။

သူတို့နှစ်ယောက်နောက်ဆုံး တွေ့ဆုံကြိမ်တွင် နှစ်ဦးနှစ်ဖက် ရန်ပွဲအသေးစားနှင့်အဆုံးသတ်ခဲ့ရသည်ဖြစ်၍ ယခုကဲ့သို့သေရေးရှင်ရေးအခြေအနေတွင်ပြန်လည်ဆုံစည်းရသည့်အခါ မည်သည့်စကားဖြင့်စပြောရမည်မသိ။ ၎င်းအပြင် အခြေအနေကလည်းအနည်းငယ်ထူးဆန်းနေသည်။

သစ်ကိုင်းခြောက်ရန်မှသီသီလေးလွတ်လာသည့်ပိုင်ချီမင်မှာ အမှတ်မထင် ခင်ပွန်းသည်အားမြင်မိသွားသည့်အခါ အစပိုင်းတွင်ထွက်ပြေးရန်ခြေလှမ်းမိသော်ငြား လျှပ်တပြက်အန္တရာယ်အားမြင်လိုက်ရသည့်အခါ အားပါးတရသူရဲကောင်းဝင်လုပ်လိုက်မိသည်။ လဲကျသွားချိန်တွင် သူ၏နှုတ်ခမ်းကိုနူးညံ့သည့်အရာတစ်ခုက မတော်တဆပွတ်တိုက်သွားသည်ကိုခံစားမိလိုက်ချေ၏။ ပိုင်ချီမင်သည်အပေါ်ဘက်မှဖယ်မပေးမိသေးပဲ ဇွန်ဆေးကိုသာမျက်လုံးအဝိုင်းသားနှင့်ငုံ့ကြည့်နေသည်။ လုံခြုံရေးတပ်ဖွဲ့ခေါင်းဆောင်ဇွန်ဆေးမှာ မီးဝိုင်းနေသည့်စစ်မြေပြင်တွင် နောက်ထပ်ပေါ်လာခါနီး တစ်ကိုယ်တော်စစ်ပွဲကိုရှောင်လွဲရန် ချောင်းအသာဟန့်ကာပြောလိုက်၏။

The Immortal World:Starway(The Legends Of Sorrowless Capital)Where stories live. Discover now