(ဝေဝါးရှုပ်ထွေးနေသော ခံစားချက်များ ပုံပေါ်လာခြင်း)

128 11 34
                                    

[Unicode]

(ဝေဝါးရှုပ်ထွေးနေသော ခံစားချက်များ ပုံပေါ်လာခြင်း)

တစ်မြို့ဝင် တစ်မြို့ထွက်ဖြင့် ခုနှစ်ရက်အကြာတွင်တော့ သူတို့နှစ်ယောက် ဟယ်ပင်းပြည်သို့ ရောက်ရှိလာခဲ့ကြပြီဖြစ်ပါသည် ။ ဟယ်ပင်းတိုင်းပြည်သည် နာမည်အတိုင်း အလွန်အေးချမ်းသာယာသော ​ပြည်နယ်တစ်ခုဖြစ်သည် ။ အေးချမ်းခြင်း ၊ သာယာဝ​ပြောခြင်းကို မည့်သည့်အရာက ဆောင်ပါသနည်း ။ ပထမအချက်အနေဖြင့် စစ်ပွဲများဒဏ်မှ ကင်းလွတ်လုံခြုံခြင်းက ဆောင်သည် ။ ဟယ်ပင်းပြည်သည် ဧကရာဇ်ပြည်၏ လက်အောက်တွင် အလွန်အင်မတန်ပင် ငြိမ်းချမ်းလျက်ရှိသည် ။ နယ်စပ်တိုင်းပြည်လည်း မဟုတ်သဖြင့် စစ်ဘေးဟူ၍ နတ္ထိ ။

ဒုတိယအချက်အနေဖြင့်ကတော့ သေချာပေါက် ချမ်းသာကြွယ်ဝမှုက ဆောင်ပါသည် ။ နေရာအနှံ့၌ စုတ်ပြတ်သောအဝတ် ၊ ညစ်ပေသောအဆင်းဖြင့် တောင်းရမ်းစားသောက်နေသူများ ၊ ဆင်းရဲမွဲတေမှုကြောင့် အလိုမကျနိုင်ဘဲ အော်ဟစ်ရန်ဖြစ်နေမှုများဖြင့် ပြည့်နှက်နေလျှင် ထိုအရပ်ဒေသသည် အဘယ်မှာ အေးချမ်းနိုင်ပါမည်နည်း ။

ဟယ်ပင်းပြည်သည် လူကုန်ထံများအလွန်ပေါများသော ဒေသဖြစ်ပါသည် ။ စျေးလမ်းမတွင် သွားလာနေသော အစေခံများကတောင်မှ ကိုယ်နံ့ဆိုးဆိုး ၊ ချွေးတသီးသီးဖြင့်လူမျိုး တစ်ယောက်တစ်လေမှ မရှိ ။ အကုန်သန့်သန့်ပြန့်ပြန့်နှင့် တက်ကြွမှုအပြည့် ရှိနေကြသည် ။ ကုန်ပစ္စည်းများသည်လည်း လတ်ဆတ်၍ စားကောင်းသောက်ဖွယ်ရနံ့များသည်လည်း နေရာအနှံ့ပြန့်ကျဲလျက် ။

လူတိုင်းသည်လည်း အပူအပင်ကင်းစွာဖြင့် ပျော်ရွှင်အေးချမ်းစွာ သွားလာလှုပ်ရှားနေကြသည် ။ ထိုအထဲတွင် ဝမ်းရွှီးချန်တော့ မပါပါချေ ။ ခုနှစ်ရက်တိတိ ဖြတ်ကျော်လာအပြီးတွင် ဝမ်ရွှီးချန်သည် သူနှင့်ရှေးရီရှူအား သခင်လေးနှင့်အစေခံကဲ့သို့ အထင်ခံခြင်းအား အကြိမ်မရေတွက်နိုင်အောင် ကြုံခဲ့ရသည် ။ ဤသည်မှာ ကြီးမားသောကိစ္စမဟုတ်သည့်အပြင် ရှေးရီရှူကလည်း မနှစ်မြို့သည်ပုံမပြသော်လည်း သူကတော့ ဘယ်လိုမှ မကျေနပ်နိုင်ပါချေ ။ ရှေးရီရှူအား ထိုကဲ့သို့ တစ်ဆင့်နှိမ့်နှိမ့်ပစ်နေခြင်းဟာ သူလုံးဝမကြိုက် ။ ကလေးဆန်သည်ဟုဆိုလျှင်ပင်လည်း မတတ်နိုင်ပါချေ ။ သူသည် ရှေးရီရှူနှင့် ပတ်သက်လျှင် အတော်ကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားခြင်းအား သူကျင့်အားပင် ရနေခဲ့ပြီဖြစ်သည် ။

Strangest One That I've Never Seen BeforeWhere stories live. Discover now