"ရန်ကုန်မြို့
မေလ ၂၂ ရက်နေ့ ၁၉၅၇ ခုနှစ်..
ရှန်ဂရီလာဟိုတယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှု၊ သက်သေများအားစစ်မေးခြင်း။
ယခု အသံသွင်းစစ်မေးမှုကို စုံထောက်အရာရှိ ဦးဖေချစ်မှ ရန်ကုန်မြို့၊ ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒဌာန ပါမောက္ခ နည်းပြဖြစ်သူ ဦးသွေးဓနမင်းစက်အား သက်သေအဖြစ် စစ်မေးခဲ့ခြင်းဖြစ်သည်။
သက်သေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးပါ။"
ခပ်မှောင်မှောင် အလျားအနံ ၁၂ ပေတောင်မရှိသော တရားခံစစ်မေးခန်းအလယ်ရှိ စားပွဲ၏ တစ်ဖက်တစ်ချပ်တွင် အသက် ၃၀ ခန့် ရှိမည်ထင်ရသော ရုပ်ရည် ခပ်သန့်သန့်အမျိုးသား တစ်ဦးက အတွေးထဲ မျောလွှင့်နေသည့်အတိုင်း ငြိမ်သက်စွာ ထိုင်နေခဲ့လေသည်။ စုံထောက် ဦးဖေချစ်၏ မေးခွန်းဆုံးပြီး စက္ကန့်အနည်းငယ်ကြာမှ အသိစိတ်ပြန်ဝင်လာဟန်ဖြင့် ထစ်ထစ်အအဖြင့် မေးခွန်းကို ဖြေလေသည်။
"ကျုပ်... ကျုပ် နာမည် သွေးဓနမင်းစက်.."
"သက်သေအနေနဲ့ အသတ်ခံရသူ မောင်သော်ရွက်ရှိန်းနဲ့ ဘယ်လိုပတ်သက်မှု ရှိပါသလဲ??"
စုံထောက်အရာရှိ ဦးဖေချစ်မှ တည်ငြိမ်အေးဆေးသော လေသံဖြင့်မေးလိုက်သော်လည်း တစ်ဖက်မှ အတန်ကြာတဲ့အထိ ပြန်လည်ဖြေကြားသံ ထွက်မလာခဲ့ပေ။
"ဦးသွေးဓနမင်းစက်!! ခုနက မေးခွန်းကိုပဲ တစ်ဖန်ပြန်လည်မေးလိုပါသည်။ ရှန်ဂရီလာဟိုတယ် လူသတ်မှုမှ အသတ်ခံရသူ မောင်သော်ရွက်ရှိန်းနဲ့ ပုဂ္ဂိုလ်ရေးအရ ဘယ်လိုပတ်သက်မှု ရှိပါသလဲ??"
ထိုမေးခွန်းအဆုံးတွင်တော့ ခပ်ဝါဝါမီးလုံးတစ်လုံး၏ အောက်ဖက်တွင် ထိုမေးခွန်းကိုဖြေဖို့တွန့်ဆုတ်နေသော ထိုအမျိုးသားက သက်ပြင်းရှည်ကြီးတစ်ခုက်ို ချလိုက်လေသည်။
"ကျုပ်နဲ့ ရွက်ရှိန်းက သမီးရည်းစား ပတ်သက်မှု ရှိခဲ့ပါတယ်..."
ထိုစကားကို ပထမဆုံးအကြိမ်အဖြစ် သူစိမ်းလူတစ်ယောက်ထံ ဖွင့်ဟပြီးသည်နှင့် မင်းစက်ရဲ့ တဆစ်ဆစ်နာကျင်နေသော နှလုံးသားရဲ့ အတွင်းပိုင်းထဲက လေးလံမှုတစ်ခုကို ပစ်ချလိုက်ရသလို ပေါ့ပါးသွားရသည်။
YOU ARE READING
Two Hearts at one overlapped Frequency
Mystery / Thrillerကျုပ် ရွက်ရှိန်းကို သဘောကျရတဲ့အကြောင်းရင်းကတော့ ရွက်ရှိန်းက ရွက်ရှိန်းဖြစ်နေလို့ပါပဲ..