ညရောက်လာလေလေ မဟူရာရောင်လွှမ်းနေသော ကတ္တီပါပိတ်ကားပေါ်နေရာယူထားသည့် ငွေရောင်လမင်းကြီးသည် ကောင်းကင်ဗဟိုဆီသို့ မြှင့်တက်လာလေလေပင်။
လရောင်က ပို၍တောက်ပလာသည်။ ညလေက ပို၍အေးစိမ့်လာသည်။ လောကကြီးက တစ်စထက်တစ်စ သုဿန်ပြင်ကဲ့သို့ တိတ်ဆိတ်လာသည်။
ရွက်ရှိန်း ညတွေကို နှစ်သက်သည်။ ညတွေက မနက်တွေနှင့်မတူ။ နေ့ရက်တစ်ရက်သည် ရုပ်ရှင်ကားတစ်ကားဆိုလျှင် ညတွေသည် ဇာတ်လမ်းအဆုံးသတ် အရာအားလုံးကို ထုတ်ပိုးလိုက်သော ဇာတ်သိမ်းပိုင်းတစ်ခုနှင့်တူသည်။ စိတ်အေးရသည်။ လွမ်းမောရသည်။ တစ်ရက်တာလုံး ထိန်းထားသည့် သက်ပြင်းတွေကို စိတ်လိုလက်ရ ချပစ်လို့ရပြီး ကိုယ်ချစ်ရသူတွေကို အချိန်ပေးကာ အိပ်ရာထက် လှဲလျောင်းရင်း စိတ်ချလက်ချ အနားယူနိုင်သည်။
ထိုကြောင့်လားမသိ။ မနက်ခင်းတွေထက် ညတွေဟာ ပိုပြီး အေးချမ်းသည်ဟု ထင်ရလေသည်။
လစန္ဒာဆီမှ ဖြာကျလာသော ငွေရောင်မှုန်တွေကြား ရွက်ရှိန်း မြေနီလမ်းတစ်လျှောက် လေချွန်ရင်း ခြေလှမ်းမှန်မှန်ဖြင့် အိမ်သို့ ဦးတည်နေပါသည်။ ည ၈ နာရီဆိုသည်နှင့် တစ်ရက်တာအတွက် အဆုံးသတ်တတ်သော ဓာတ်ရထားကုမ္ပဏီကြောင့် ရွက်ရှိန်းမှာ ရွေးချယ်စရာမရှိ။ မြင်းလှည်းနှင့် သုံးဘီးကားတွေကလည်း အခုချိန်ဆို ပုံမှန်ထက် ဈေးနှစ်ဆလောက် ကြီးတတ်ပြန်သည်။ ရွက်ရှိန်း၏အိမ်နှင့် ပွဲဈေးကလည်း ဝေးလှသည်မဟုတ်တာကြောင့် လမ်းလျှောက်ကာ အိမ်ပြန်ဖို့ ဆုံးဖြတ်ခဲ့ရခြင်းပင်။
အဲလိဇဘက်နှင့် ရောဘတ်တို့အိမ်က ရွက်ရှိန်းသွားရမည့်လမ်းနှင့် ဆန့်ကျင်ဘက်တွင် တည်ရှိပါသည်။ ရောဘတ်က စစချင်း ရွက်ရှိန်းကို စိတ်မချသောကြောင့် လိုက်ပို့မည်ဆိုသေးသည်။ သို့သော် ရွက်ရှိန်း လက်မခံခဲ့ပါ။
သူ့ကို လိုက်ပို့နေလျှင် ရောဘတ် အိမ်ပြန်နောက်ကျနေလိမ့်မည်လေ။ ရောဘတ်တို့အိမ်က မြို့ရဲ့ ဟိုးဘက် တစ်ဖက်ခြမ်းမှာရင်း။
ရွက်ရှိန်း လမ်းတစ်လျှောက်လျှောက်နှင့် ရုတ်တရက်ဆိုသလို သူ့နောက်မှ ခြေသံတစ်ခုကို ကြားလိုက်ရသည်။
YOU ARE READING
Two Hearts at one overlapped Frequency
Mystery / Thrillerကျုပ် ရွက်ရှိန်းကို သဘောကျရတဲ့အကြောင်းရင်းကတော့ ရွက်ရှိန်းက ရွက်ရှိန်းဖြစ်နေလို့ပါပဲ..