"တီ... တီ..."
ရွက်ရှိန်း နှိုးစက်သံကိုကြားလိုက်သည်နှင့် တစ်ဖက် အခန်းထဲတွင် အိမ်မောကျနေသော ဒေါ်လေးဖြစ်သူမနိုးလာခင် အလျင်အမြန် ထ၍ ပိတ်ရ၏။
ညက စာအုပ်ဖတ်ရင်း အိပ်ရမည့်အချိန်ထက် အနည်းငယ် နောက်ကျသွားသဖြင့် သူ ဒီမနက်နှိုးလာတော့ အိပ်ရေးမဝသလိုပင် ဖြစ်နေချေသေး၏။ သူ နှိုးစက်ကို ပိတ်လိုက်ပြီး စားပွဲပေါ် ပြန်တင်လိုက်ကာ အိပ်ရာပေါ် ပြန်လှဲလျောင်းလိုက်မိသည်။
မနက်မိုးပင်မလင်းသေးသည်မို့ သူ၏မျက်လုံးနှင့် ခန္ဓာကိုယ်မှာ ထရမည်ကို အသားမကျစွာဖြင့် တွန်းကန်နေလေသည်။ ရွက်ရှိန်းကိုယ်၌လည်း အိပ်ရာမှ လုံးလုံးလျားလျားထချင်စိတ်ရှိမနေပေ။ သို့သော် သူ ထရမည့်ကိစ္စက ရှိနေသည်မို့ အိပ်ရာထဲ တစ်ဖန်ထပ်အိပ်ပျော်သွားသည်အထိ အချိန်ဆွဲမနေတော့ပဲ လူးလွန့်ကာ ထလိုက်ရတော့သည်။
ရွက်ရှိန်း ပုံမှန်မနက်ခင်းတွေဆို အိပ်ရာမှ ထသည်နှင့် ရေဒီယိုဖွင့်လေ့ရှိပြီး ထို့နောက် အခန်းပြတင်းပေါက်ကို ဖွင့်ကာ မနက်ခင်းနေရောင်ဖျော့ဖျော့နှင့်အတူ အခန်းထဲသို့တိုးဝင်လာတတ်သည့် လတ်ဆတ်သော မနက်ခင်းလေအေးအေးကို အားပါးတရ ရှူသွင်းတတ်သည်။ ယခုလည်း သူ့ခန္ဓာကိုယ်မှာ သူမသိလိုက်ခင်ကို ရေဒီယိုဖွင့်ဖို့ လက်လှမ်းနေမိသည်မို့ အသိစိတ်ဝင်လျှင်ဝင်ချင်း လက်ကို ပြန်ရုတ်ရလေသည်။
ဘယ်လိုပဲ ဖြစ်ဖြစ် မနက် ၄ နာရီခွဲကို ဘာရေဒီယိုအစီအစဉ်မှ မရှိတာ။
သူ့ကိုယ်သူ ပြန်တွေးလိုက်ပြီး မျက်နှာသစ် သွားတိုက်ဖို့ ရေချိုးခန်းထဲသို့ ဝင်လိုက်သည်။
သူ မျက်နှာသစ် သွားတိုက် ကိုယ်လက်သန့်စင်ပြီး၍ အခန်းထဲ ပြန်ဝင်လာတော့ ၅ နာရီ မတ်တင်းပင်ရှိနေခဲ့ပြီမို့ ရွက်ရှိန်း အချိန်ဆွဲမနေတော့ပဲ အဝတ်ထူထူတစ်ထည်ကို ထပ်ကာ အနွေးခေါင်းစွပ်ဝတ်လျက် ဒေါ်လေးမစိအောင် အိမ်မှ တိတ်တိတ်လေး ထွက်ခဲ့ရတော့သည်။ ထို့နောက် အိမ်အောက်တွင် ထောင်ထားသော ဦးလေးဖြစ်သူ၏ ဂျာမနီဖြစ် စက်ဘီးဟောင်းလေးကို ယူကာ မြို့လယ်ရှိ နွားနို့ဆိုင်သို့ ထွက်လာခဲ့မိလေတော့သည်။
YOU ARE READING
Two Hearts at one overlapped Frequency
Mystery / Thrillerကျုပ် ရွက်ရှိန်းကို သဘောကျရတဲ့အကြောင်းရင်းကတော့ ရွက်ရှိန်းက ရွက်ရှိန်းဖြစ်နေလို့ပါပဲ..