အပိုင်း (၇)

466 83 4
                                    

ရောဘတ်ရဲ့ အိမ်လေးက မြို့စွန်မြို့ဖျား ဆင်ခြေဖုံးရပ်ကွက်လေးတွင် တည်ရှိပါသည်။ ရပ်ကွက်ထဲမှ ရှိသည်ဟု ဆိုရပေမဲ့ တကယ်တမ်းတော့ ရောဘတ်ရဲ့ အိမ်က ထိုရပ်ကွက်နှင့်ပင် အတန်ငယ် အလှမ်းဝေးနေသေး​၏။ ရောဘတ်ရဲ့ အိမ်ဘေး ပတ်လည်မှာ လယ်ကွင်းတွေကလွဲပြီး ဘာမှ မရှိ။

အိမ်လေးကတော့ ဆင်ခြေဖုံးရပ်ကွင်မှာ ဆောက်ထားသည်ဟု ဆိုသည့်အတိုင်း ခြံနှင့် ဝင်းနှင့် နေရာခပ်ကျယ်ကျယ်လေးတော့ ရှိသည်။ ခြံထဲမှာတော့ ဘယ်တုန်းကရင်း မစီးတော့ပဲ ပစ်ထားလဲမသိသည့် စက်ဘီးတစ်စီးကို နံရံနားကပ်ကာ ထောင်ထားသည်။ ထိုစက်ဘီးမှာ သံချေးတွေ တက်နေ၍ သူ့ပင်ကိုယ် အပြာနုရောင်တောင် အရောင်မပေါ်တော့ပဲ မှိုင်းပျနေပါသည်။

မင်းစက် ရောဘတ်​၏ အိမ်ပြန်ချိန်ကို အတိအကျ သိခဲ့ရပြီးနောက် နောက်နေ့ကစ၍ သူ့ Mission ကို စဖို့ပြင်ဆင်ရသည်။ ပထမဆုံး သူ တစ်ပတ်ရစ် ကားတစ်စီးကို ဝယ်လိုက်သည်။ ကားအရောင်ကိုတော့ လူတိုင်း မမှတ်မိနိုင်သည့် သာမန် အရောင်ခပ်မှိုင်းမှိုင်းက်ု တမင်ရွေးကာ ဝယ်လိုက်ပါသည်။ ထို့နောက် ရောဘတ်အိမ်ပြန်ချိန် မရောက်ခင် ဘားမှ ခပ်လှမ်းလှမ်း အမှောင်ကျသော လမ်းကြားလေးထဲတွင် ကားရပ်ကာ ထိုင်စောင့်သည်။ ရောဘတ်ထွက်လာသည့်အခါမှ ရောဘတ်သွားရာနောက်သို့ တစိုက်မတ်မတ် လိုက်ခဲ့လေသည်။

ရောဘတ်က ပျင်စရာကောင်းသောသူဟု မင်းစက်ထင်သည်။ သူ့ကို ကြည့်ရတာ ဘားနှင့်အိမ်မှ လွဲ၍ တခြားနေရာသွားစရာရှိဟန်မတူ။ သူ တစ်ရက်လောက် စောင့်ကြည့်ပြီးသည့်နောက် ရောဘတ်​၏ နေ့စဉ်ဘဝကို တီးမိခေါက်မိရှိလာလေသည်။

ရောဘတ်သည် ညနေ ၃ နာရီဆိုသည်နှင့် ဘားကို သွားသည်။ တစ်ခါတစ်လေ နေ့လည် ၂ နာရီကတည်းက သွားတတ်သည်။ ကြည့်ရတာ ဘားကလွဲ၍ သူ့မှာ ခင်တွယ်စရာမရှိသကဲ့သို့ပင်။ ထို့နောက်တော့ တစ်ညနေလုံး တစ်ညလုံး အလုပ်လုပ်ပြီးနောက် အာရုဏ်မတက်ခင် အိမ်ကိုပြန်သည်။

တစ်ခါတစ်ခါတော့ ရောဘတ်သည် သူ့အိမ်ကို ကျော်ပြီး မြို့ပြင်ထိ ကားကို မောင်းသွားတတ်လေသည်။ မြို့ပြင်ရောက်သောအခါ သူ့ရဲ့ကားကို လမ်းဘေးချရပ်၍ ကားရှေ့ဖုံးပေါ်တွင် တက်ထိုင်ကာ ကားရှေ့မှန်ကို မှီလျက် လယ်ကွင်းတွေမှတစ်ဆင့် အရှေ့အရပ်က တစ်စဆစ်စပြူထွက်လာသော နေမင်းကြီးကို ဆွေးမြေ့စွာ မျှော်ကြည့်တတ်သည်။ ထိုသို့ ကြည့်ရှုရာတွင်လည်း တကယ်ကို ရွှန်းရွှန်းစားစား စိုက်၍ ကြည့်ရှူခြင်းဖြစ်လေသည်။

Two Hearts at one overlapped FrequencyWhere stories live. Discover now