Chapter 8

1K 87 40
                                    

တစ်ခါရောက်ဖူးခဲ့သည့်အိမ်။

အရင်တစ်ခေါက်ကတော့ အိမ်ရှင်က ခွင့်မပြုတာမို့ ရဲတင်းမှုမရှိပေမဲ့ ဒီတစ်ခေါက်ကတော့ သူ့ကားပေါ်က ခပ်တည်တည်ဆင်းကာ အိမ်ထဲကို ဝင်မလို့ပြင်လိုက်သည်။ ရုတ်တရတ်ကြီး အိမ်လိုက်ခဲ့ဆိုပြီး မဟားတရား အဓ္ဓမသဘောဆန်ဆန်ခေါ်လာတာကြောင့်သာ ပါလာရတာ။ လူက သိပ်ကျေနပ်ချင်တာ မဟုတ်။

" နေဦး"

ကားကို ဆင်ဝင်အောက်မှာတင် ထိုးရပ်ထားလိုက်တဲ့သူက လင်းအရုဏ်နားကို လျှောက်လာပြီး အဝင်ဝကို ပိတ်ရပ်သည်။

" ငါ​ပြောထားသလို...."

" ခင်ဗျားအမေပြောတာ အကုန်နားထောင်ပြီးရင် ပြန်ရမယ် ဟုတ်တယ်မလား။ သိတယ်"

အဲလောက် ကာဆီးကာဆီးလုပ်ချင်နေတဲ့သူ့ကို အရွဲ့တိုက်ချင်တာကြောင့် စကားကိုပြီးပြီးရောပြောပြီး အိမ်ထဲဝင်မလို့ပြင်သည့်အခါ သူကလက်ကို ဖျတ်ခနဲ လှမ်းဆွဲ၏။

သူ့ဘက်ကစသည့် အထိအတွေ့...

နူးညံ့မှုမပါသည့်တိုင် သူ့လက်ဖဝါးတွေရဲ့ အနွေးဓာတ်အောက်မှာ လင်းအရုဏ်စကားတွေပျောက်သွားပြီး ပြူးကြောင်ကြောင်မော့ကြည့်မိသည်။

" စစ်နေကို ကယ်ပေးတဲ့အတွက်..."

ကျေးဇူးတင်ပါတယ်လား...

မျှော်လင့်ချက်တစ်ချို့က စက္ကန့်တစ်ပိုင်း တစ်စကြားထဲကနေ ခုန်ထွက်လာပြီးမှ သူနဲ့ပက်သက်ရင် လောဘမကြီးတော့ဘူးဆိုတဲ့ အတွေးကြောင့် အသက်ငွေ့ငွေ့လေး ရှိုက်ထုတ်လိုက်မိသည်။

ဟုတ်တယ် ... လောဘမကြီးကြရအောင် လင်းအရုဏ်။ ဒီလောက်ဆိုရင်ပဲ ကျေနပ်ရအောင်။

" ကျေးဇူးပဲ"

" ဗျာ?"

ပန်းတွေပွင့်သည်။ တခြားနေရာမှာမဟုတ်။ ရင်ထဲမှာ။ ခပ်တည်တည် မျက်နှာအမူအရာက ဘယ်လောက်ပဲ စကားအပေါ် လေးနက်မှုမပေါ်လွင်သည်ဖြစ်စေ အနည်းဆုံးတော့ ဒီစကားမျိုး သူပြောထွက်သေးသည်ပဲ။

" ရဲစခန်းရှေ့မှာပြောလိုက်တဲ့စကားကို အတည်တွေးသွားတာလား"

TEARS in the name of LOVE(သွယ်ကြိုး)(Completed)Where stories live. Discover now