Chapter 12

901 84 31
                                    

"ဒါမင်းအခန်းပဲ"

မီးဖိုနဲ့ ကပ်ရပ်ရှိနေသည့် အခန်းကို တံခါးဖွင့်ပေးပြီး အေးစက်စက်ပြောသည်။ သူ့စကားကို လက်ခံကြောင်း ခေါင်းညိတ်မပြမိခင် မျက်လုံးထောင့်ကနေ အသာလေး ခိုးကြည့်လိုက်မိ၏။

" ဦးလေးအခန်းက ဘယ်မှာလဲ"

အောက်နှုတ်ခမ်းကို အသာလေးကိုက်ပြီး မရဲတရဲ မေးလိုက်သည့် မေးခွန်းအဆုံးမှာ ထူးထူး ခြားခြား ပြေလျော့နေသည့် သူ့မျက်ခုံးတွေက ချက်ချင်းဆိုသလို မူလအခြေအနေကို ပြန်ရောက်သွားသည်။ ကြည့်လာသည့်အကြည့်က "မင်းသောက်ကြောင်း ဘာပါလို့လဲ"ဆိုသည့် အကြည့်။

" မဟုတ်ဘူးလေ။ ဒီအိမ်မှာ နေ့ရောညရော နေရတော့မှာ။ အိမ်ရဲ့ အနေအထားတွေ၊ အခြေအနေတွေ အကုန်လုံးကို သိထားသင့်တယ် မဟုတ်ဘူးလား"

" ဒါမှမဟုတ်ရင် မင်းခဏလေးနဲ့ အလုပ်ပြုတ်သွားတာမျိုးပေါ့"

" ဘာဗျ!"

ဘာမှဆက်မပြောတော့။ တံခါးကိုသာ ပိုကျယ်အောင် ဆွဲဖွင့်ပေးလာသည်။ အထဲကို ဝင်စရာရှိတာ မြန်မြန်ဝင်ဆိုသည့် သဘော။ လင်းအရုဏ် စိတ်ပျက်လက်ပျက် ပုံစံနဲ့ သက်ပြင်းချပြီး အခန်းထဲကိုသာ ဝင်လိုက်၏။ အစိမ်းနုရောင် သုတ်ထားသည့် ဤအခန်း၏ အပြင်အဆင်သည် အိမ်အပြင်ဘက် ပုံစံနဲ့ အနည်းငယ် ကွဲထွက်ကာ နုနုရွရွဆန်သည်။ အိမ်က အခန်းထက် ပိုကျယ်ပေမဲ့ အခန်းအလယ်တည့်တည့်မှာ ချထားသည့် ကုတင်တစ်လုံးရယ်၊ ပြတင်းပေါက်ဘေးက စာကြည့်စားပွဲတစ်ခုရယ်၊ အဝတ်ဗီရိုတစ်ခုရယ်ကလွဲရင် ကျန်တဲ့ ပရိဘောဂ ဘာမှမရှိ။ အနည်းဆုံး လိုသည့် ပစ္စည်းတင်ဖို့ စင်လေးတစ်ခုလောက် ရှိရင် ပိုအဆင်ပြေမည်ဟု လင်းအရုဏ်တွေးမိသည်။ သို့သော် ကိစ္စမရှိပါ။ အိမ်ပေါ်ထိရောက်လာပြီးပြီဆိုမှတော့ ဧည့်ခန်းက ဆိုဖာမှာ စောင်ခြုံကွေးပြီးအိပ်ရလည်း တာဝတိံသာ နတ်ပြည်ကြီး ဖြစ်နေဦးမည် မဟုတ်ပါလား။

" ဒါသားအရင်ကနေခဲ့တဲ့အခန်း၊ ပုံမှန်ဆို မင်းတို့တွေကို ဒီအခန်းမှာ မထားဘူး။ လှေကားအောက်က အခန်းမှာထားတာ။ အခုက အဲဒီအခန်းမှာ ဟိုမိန်းမကျန်ခဲ့တဲ့ ပစ္စည်းတွေ ရှင်းမထုတ်ရသေးလို့ မတတ်သာဘဲ ဒီအခန်းပေးလိုက်ရတာ"

TEARS in the name of LOVE(သွယ်ကြိုး)(Completed)Where stories live. Discover now