Chapter 11

898 83 27
                                    

" အမယ်လေး!"

ညကိုးနာရီ ဆိုင်ပိတ်ခါနီး ဆိုင်တံခါးဖွင့်ပြီး ဒုန်းခနဲ ဒိုင်းခနဲ ဝင်လာသည့် လူတစ်ယောက်ကြောင့် မမက လန့်ပြီးအော်သည်။ တကယ်က မမက သရဲကြောက်တတ်သူမဟုတ်၊ လူဆိုပိုလို့မကြောက်သေး။ သူဘာလို့ အော်ရလဲဆိုတဲ့ အကြောင်းရင်းကို ဆိုင်ထဲ ဝင်လာသည့်လူကို လှည့်ကြည့်လိုက်ချင်းမှာ လင်းအရုဏ် နားလည်သွားသည်။ ဒီတစ်ခါတော့ လက်ထဲက ရေသုတ်လက်စ ဖန်ခွက်က လွတ်ကျမသွားခဲ့ပါ။ သူနဲ့ရုတ်တရတ်တွေ့တိုင်း နှေးဝင်နေကျ အချိန်စီးဆင်းမှုတွေကတော့ ရိုးရာမပျက်။

" ငါမင်းဖုန်းနံပါတ်မသိလို့"

တိုတိုတုတ်တုတ်နဲ့ ဘာမှန်းမသိသည့်စကားဆိုပေမဲ့ ဆိုင်ကို ဒီအချိန်ကြီးမှ ရောက်ချလာရတဲ့အတွက် ရှက်ရမ်းရမ်းနေသည့် သူ့ဆိုလိုရင်းကို လှမ်းမြင်လိုက်သည်။

" အန်တီ့ဆီမှာ ရှိတယ်"

" ငါမင်းနဲ့ အခုစကားပြောလို့ရလား၊ မရဘူးလား"

" တစ်ညလုံးပြောချင်လည်းရတယ်"

မသိမသာ တစ်ကွက်ပစ်ထည့်လိုက်သည်။ သို့သော် မောင်မင်းကြီးသားကတော့ လင်းအရုဏ် ပါးစပ်ကထွက်သမျှ မျောက်စကားဟုပဲ မြင်ပုံရ၏။ လက်ထဲက ဖန်ခွက်ကို မှန်ဗီရိုထဲထည့်သိမ်းလိုက်ပြီး ကြက်သေသေနေသည့် မမလက်ထဲကို အဝတ်စုတ်ထိုးပေးလိုက်၏။

" မမ အိမ်ပြန်နှင့်၊ ကျွန်တော် ပြီးရင် လိုက်လာခဲ့မယ်"

" သြော် အင်း"

အခုမှ အနီးကပ်မြင်ရသည့် သူ့မောင်၏ Crushတော်ကြီးကို မျက်လုံးကျွတ်မတတ် လှမ်းကြည့်နေရာက ယောင်တောင်တောင် ခေါင်းညိတ်ပြသည်။ သူအကြည့်လွှဲသွားပြီဆိုတာနဲ့ မမက လင်းအရုဏ် ပခုံးကို လှမ်းဆွဲသည်။

" နင်အကွက်ရွှေ့တာ မြန်လှချည်လား ငါ့မောင်"

မချိသွားဖြဲရယ်သည်ဆိုသည့် မျက်နှာအမူအရာကို ပေါ်ပေါ်ထင်ထင်လုပ်ပြလိုက်မိ၏။

" အထင်ကြီးပေးတာတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလိုပဲ"

" ဟမ်"

" အိမ်ပြန်တော့၊ ဘာဒဏ်ရာမှ မရဘဲ အိမ်ပြန်ရောက်လာတယ်ဆိုရင်တော့ သတင်းကောင်းပဲ"

TEARS in the name of LOVE(သွယ်ကြိုး)(Completed)Where stories live. Discover now