Chapter 34

888 79 33
                                    

/ တစ်လကြာပြီးနောက် /

သူ့ကို လင်းအရုဏ် ရှောင်နေမိသည်။

ဒါတော့ ဝန်ခံပါ၏။ ဒီတစ်လလုံး မထင်မှတ်ဘဲ မျက်နှာချင်းဆိုင်မိတာမျိုး၊ သူအိမ်ပြန်နောက်ကျတဲ့ရက်တွေ သော့မပါသွားခဲ့သည့်အခါ တံခါးဖွင့်ပေးရတဲ့ရက်မျိုး၊ ညဘက် ရေထွက်သောက်ရင်းဖြစ်ဖြစ် မီးဖိုထဲမှာ နှစ်ယောက်ကြုံကြိုက်မိသည့်အခါမျိုး.... ထိုအချိန်တွေမှာလည်း သူက မျက်လွှာချ တိတ်ဆိတ်နေတတ်သလို လင်းအရုဏ်ကလည်း နှုတ်ခမ်းလေးတောင် စေ့စေ့ မဟ။ ပြီးရင်တော့လည်း သူ့ရှေ့က အရင် လျှောက်ထွက်လာမိတာကလည်း လင်းအရုဏ်ပါပဲ။

ဟိန်းမင်းဇေ သူ့ကို အန္တရာယ်ပေးမှာကို မကြောက်ဘူးလားဆိုရင်တော့ သေချာပေါက် ကြောက်တာပေါ့လို့ ဖြေမှာဆိုပေမဲ့ သူသာ အဲဒီနေ့က အဲဒီစကားမပြောခဲ့ရင်၊ လင်းအရုဏ်ကို ဒီလိုမဆက်ဆံခဲ့ရင်၊ သူ့အဖြေထဲမှာ အခြား အဓိပ္ပါယ်တစ်ခုခုပါနေခဲ့ရင် ဟိန်းမင်းဇေမကလို့ ဘာပဲဖြစ်နေနေ လင်းအရုဏ်က တွန့်ဆုတ်နေမည့်သူမဟုတ်။

တစ်ပြိုင်တည်းမှာလည်း...
အကြည့်ချင်းဆုံသွားသည့်အခါတိုင်း၊လက်ချောင်းချင်း မတော်တဆ တွန်းပွတ်မိသွားတိုင်း၊ တံခါးတစ်ခုခုက ထွက်လို့ ဟိုဘက်က ဝင်လာသည့်သူနဲ့ မျက်နှာချင်းဆိုင် တိုးမိတိုင်း ခန့်မှန်းရခက်သည့် မျက်လုံးတွေနဲ့ စိုက်ကြည့်တတ်သည့် သူ့ကို စိတ်တိုမိ၏။

"ဒီကောင်ကြီးက ဘာဖြစ်နေပြန်ပြီလဲ"ဆိုသည့် အတွေးနဲ့။ တံ့ဘုန်းသစ်ဆိုတာဟာ လူကို စိတ်ဒုက္ခပေးကို ပေးနေရမှ။

"ငါစိတ်ဖြတ်နိုင်ပြီဆိုတာနဲ့ သူ့ဆီက ထွက်လာမှာ။ မင်းငါ့ကို အချိန်နည်းနည်းတော့ပေးမယ်မလား"

ခွန်းစျာန်ကို ဒီလိုပြောခဲ့ပေမဲ့ ဒီစကားဟာ အမှန်ဟုတ်ရဲ့လား ကိုယ့်ကိုယ်ကိုယ် မသေချာ။ ဒီစကားဦးတည်နေတာက သူ့ကို ဆက်မချစ်တော့ဘူး၊ သူ့နားမှာ မနေတော့ဘူးဆိုသည့် အဓိပ္ပါယ်ဖြစ်နေပေမဲ့ ဒီလိုအခြေအနေမှာတောင် သူ့ကို ရွေးချယ်ချင်နေသေးသည့် နှလုံးသားဟာလည်း တစ်ဖက်ကမ်းက စောင့်လင့်နေသေးသည်။ အဲဒီအပြင် သူ့ဆီက ရုန်းထွက်လာနိုင်ဖို့ နည်းလမ်းကိုလည်း ရှာမတွေ့သေးပါ။

TEARS in the name of LOVE(သွယ်ကြိုး)(Completed)Where stories live. Discover now