Part 13

514 77 8
                                    

🐺Unicode🐍

ကုမ္ပဏီ ရုံးပိတ်ရက်လည်း ဖြစ်တဲ့အပြင် မနက်ခင်းပိုင်းတစ်ပိုင်းလုံး ရိုက်ကွင်းမရှိ၊ အချိန်အားလပ်နေတာမို့ ရိပေါ်လည်း သူသွားနေကျ စိတ်ဆရာဝန် ယွီချန်ကောဆီ ထွက်လာမိတယ်။ 'ဆရာက အပြင်ခဏလေးထွက်သွားလို့ အထဲမှာ စောင့်နေပေးပါနော်။' ဆိုတဲ့ ဧည့်ကြိုကောင်တာက ဝန်ထမ်းစကားကြောင့် ရိပေါ်လည်း ခေါင်းအသာညိတ်ပြလိုက်ပြီး အခန်းရှိရာ ထွက်လာခဲ့တယ်။ mask တပ်ပြီး ဦးထုပ်ပါဆောင်းကာ ရုပ်ဖျက်ထားတာမို့ ဧည့်ကြိုဝန်ထမ်းမလေးကတော့ ရိပေါ်မှန်းသိမှာမဟုတ်။

အခန်းထဲရောက်ရောက်ခြင်း စားပွဲပေါ်မှာမြင်လိုက်ရတာက သိမ်းဆည်းထားခြင်းမရှိတဲ့ ဖိုင်တွဲတစ်ခု။

'ကြည့်ရတာ ယွီချန်ကော သိမ်းဖို့မေ့သွားတယ် ထင်ပါရဲ့။'

အတွေးနဲ့အတူ ခုံပေါ်မှာသာဝင်ထိုင်ရင်း မျက်စိရှေ့ရောက်နေတဲ့ဖိုင်ရဲ့မျက်နှာဖုံးပေါ်ကစာကိုသာ မရည်ရွယ်ဘဲ ဖတ်ကြည့်မိတယ်။

"Paranoia Personality Disorder" (သံသယလွန်ကဲသောစိတ်ဝေဒနာ)

ရောဂါဖြစ်သူကို သိချင်စိတ်နဲ့ ရိပေါ် သူ့ကိုယ်သူ သတိမထားလိုက်မိခင် ဖိုင်တွဲထဲက လူနာ နာမည်ကိုလှပ်ကြည့်ဖို့ရာ လက်လှမ်းလိုက်မိချိန်မှာပဲ ရုတ်တရပ်ဆွဲယူခံလိုက်ရတဲ့ ဖိုင်တွဲနဲ့အတူ ရိပေါ်ထံကို စူးစိုက်ကြည့်လာတဲ့ ယွီချန်ကော။ ရိပေါ်လည်း ကြောင်အပြီး ဘာမှပြန်မပြောနိုင်ဘဲ ယွီချန်ကိုသာ ပြန်မော့ကြည့်နေမိတယ်။

ခဏအကြာမှ ယွီချန်က မျက်နှာအသာလွှဲရင်း တံတွေးတစ်ချက်မျှမြိုချလိုက်ပြီး အလွန်ထိတ်လန့်သွားဟန်နဲ့ ပြုံးပြလာတယ်။

"Sorry ရိပေါ်။ ဆရာဝန်တစ်ယောက်အနေနဲ့ လူနာရဲ့ ကိုယ်ရေးကိုယ်တာမှတ်တမ်းကို လျို့ဝှက်ထားရမယ်လေ။"

ထိုအခါမှ ရိပေါ်လည်း သတိပြန်ဝင်လာပြီး အားတုံ့အားနာနဲ့ ပြန်တုံ့ပြန်မိတယ်။

"အာ မဟုတ်တာ ယွီချန်ကော။ ကျွန်တော်ကိုက စပ်စုမိသွားတာပါ။ စိတ်မရှိပါနဲ့ ယွီချန်ကော။"

"အင်း။"

ယွီချန်က ခေါင်းအသာညိတ်ပြရင်း ဖိုင်တွဲကို စားပွဲအောက်ထည့်လို့ ရိပေါ်နဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်တယ်။ သိပ်မကြာ အခန်းထဲ ဧည့်ကြိုဝန်ထမ်းဝင်လာပြီး ကော်ဖီခွက်နှစ်ခွက် လာချပေးတယ်။ ဝန်ထမ်းပြန်ထွက်သွားကာမှ ရိပေါ်လည်း ထုံးစံအတိုင်း mask နဲ့ ဦးထုပ်ကို ချွတ်မိတယ်။

PSYCHO FRIEND (Season-2)Where stories live. Discover now