Part 14

488 79 11
                                    

🐺Unicode🐍

"မင်းပြောတဲ့ အချက်အလက်တွေရော၊ သုံးနှစ်လုံး စကားပြောဆွေးနွေးကြည့်တာရော ပေါင်းရင် လက္ခဏာတွေက Paranoia Personality Disorder (သံသယလွန်ကဲစိတ်ဝေဒနာ) ရောဂါလို့ပဲ အတည်ပြုရလိမ့်မယ်။"

ညဘက် ခုနှစ်နာရီထိုးပြီးစအချိန် အိမ်ရဲ့ ဝရံတာမှာထွက်ပြီး တစ်စုံတစ်ယောက်နဲ့ ဖုန်းပြောနေတဲ့ ယွီချန်ကော။ မျက်နှာထက်မှာတော့ စိတ်ရှုပ်ထွေးမှုတို့က အပြည့်။ ဇနီးဖြစ်သူရွှမ်လုက ကော်ဖီခွက်ထည့်ထားတဲ့ ဗန်းလေးကိုင်ပြီး အိပ်ခန်းထဲဝင်လာတဲ့အထိ ယွီချန်ကောက ဖုန်းထဲကတစ်ဖက်လူရဲ့အသံကိုသာ အာရုံစိုက်နေတာမို့ ရွှမ်လုလည်း ဗန်းလေးကို စားပွဲပုလေးပေါ်အသာတင်ပြီး ယွီချန်ရှိရာ ဝရံတာဆီ ထွက်လာခဲ့လိုက်တယ်။

"ဒါပေါ့။ သူကိုယ်တိုင် ဘာရောဂါဖြစ်နေတယ်ဆိုတာ သူမသိဘူး။ အရမ်းကြီးတော့ စိတ်ပူစရာမရှိပါဘူး။ တစ်ခါတစ်လေ သူလုပ်ခဲ့တဲ့အရာတွေကို အိပ်မက်နဲ့ ရောရောပြီး မေ့သွားတတ်တာကလွဲရင် အားလုံးအဆင်ပြေပါတယ်။ ဒါကလည်း ရောဂါပြင်းထန်လာတတ်တဲ့အချိန် ဖြစ်တာဆိုတော့။"

ရွှမ်လုက ဝရံတာကိုမီရင်း ယွီချန်ကို အသံတိတ်မော့ကြည့်လာတဲ့နောက် ယွီချန်ကောက ဇနီးဖြစ်သူကို အသိအမှတ်ပြုဟန် ခေါင်းညိတ်ပြီး ပြုံးပြတယ်။

"အင်း။ ကုသနည်းကတော့ အခုလို စကားပြောဆွေးနွေးရုံကလွဲ မရှိဘူး။ အမြစ်ဖြတ်ကုလို့ရတဲ့ရောဂါလည်းမဟုတ်လို့ တစ်သက်လုံး စကားပြောဆွေးနွေးကုထုံးနဲ့ပဲ သွားရမှာ။ တကယ်လို့ မဆွေးနွေးနိုင်ခဲ့ရင်လည်း ပတ်ဝန်းကျင်က သူ့ကို ဂရုစိုက်ပေးမှရမှာ။"

တစ်ဖက်လူထံက ပြန်ပြောတဲ့စကားတွေကို နားစိုက်ထောင်ပြီးတဲ့နောက် ယွီချန်က သက်ပြင်းအသာချတယ်။

"စိတ်မပူပါနဲ့။ သူ့ကိုသေချာဂရုစိုက်ပြီး အတတ်နိုင်ဆုံးတော့ ကုပေးနေတယ်။ ဒါပေမယ့် ငါနားမလည်တာက မင်းကဘာကြောင့် သူ့ကိုမသိစေချင်ရတာလဲ။ ဒီရောဂါက တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းပြောပြီး ကုသရင် ပိုအဆင်ပြေနိုင်တာ။ မင်းအခုလိုလုပ်တော့ သူမင်းကို သံသယပိုဝင်ပြီး နောက်ပိုင်း မင်းကို ဘယ်လိုမှယုံတော့မှာမဟုတ်ဘူး။"

PSYCHO FRIEND (Season-2)Where stories live. Discover now