Extra

2.5K 248 41
                                    

Unicode Version

ရဝေချမ်းတစ်ယောက် ရေမိုးချိုးပြီး အခန်းထဲသို့ အဝတ်လဲရန် ဝင်လာစဥ် ဇေယျာချမ်းက သူ့အခန်းထဲသို့ ရောက်နှင့်နေသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ်ကျောချမ်းသွားရသည်။

"ဒီမှာ ဘာလုပ်နေတာလဲ"

"မင်းတို့နဲ့ လိုက်မလို့လေ"

ရေစိုနေသောဆံပင်ကို တဘက်နှင့် သုတ်ခါရင်း မေးလိုက်ရာ ဇေယျာချမ်းက ပြုံးစိစိလုပ်ရင်း သူ့အမေးကို ပြန်ဖြေသည်။ ရဝေချမ်းကတော့ ထိုအပြုံးကို လန့်သည်။ မဟုတ်တာကြံစည်လျှင်သာ ပြုံးတတ်သည့်အပြုံးမျိုးဖြစ်သောကြောင့် လန့်ရသည်။

"ဘာလို့လိုက်မှာလဲ..သူများသမီးရည်းစားကြား ဝင်ရှုပ်မလို့လား"

ယနေ့ ရွာထဲတွင် ဇာတ်ကရန်လာသော အငြိမ့်အဖွဲ့တစ်ဖွဲ့ရှိပေသည်။ ဇာတ်ပွဲ၊အငြိမ့်ပွဲရှိလေတော့ ပွဲစျေးတန်းလည်း ရှိရလေပြီမဟုတ်လား။ ရဝေချမ်းက ဇာတ်ပွဲထက် ပွဲစျေးတန်းလျှောက်လည်ရသည်ကို ပိုသဘောကျသဖြင့် ယနေ့ည ခန့်မင်းနောင်နှင့်အတူ ပွဲစျေးတန်းလျှောက်သွားကြရန် စီစဥ်ထားသည်။

ဤသည်ကိုဇေယျာချမ်းကပါ လိုက်မည်ဟုဆိုလာသောအခါ ရဝေချမ်းက မယုံသင်္ကာဖြစ်မိသဖြင့် ဆူပုတ်ပုတ်နှင့် ပြောလိုက်သော် ဇေယျာချမ်းကလည်း မကျေမနပ်ရေရွတ်ရင်း ရဝေချမ်း၏လက်မောင်းကို လှမ်းရိုက်သည်။

အရိုက်ခံလိုက်ရသော ရဝေချမ်းကလည်း နီရဲသွားသော သူ့လက်မောင်းကို လက်ဖဝါးဖြင့်အုပ်ကိုင်ထားပြီး ဇေယျာချမ်းကို တဘက်နှင့် ပြန်ရိုက်သည်။

"ဘာဖြစ်နေတာလဲ"

"အဲ့ဒါ မင်းကိုပြောရမှာ။ ရည်းစားရမှ အချိုးတွေပြောင်းသွားတာ။ သတိထားနေနော်"

"ဘာမှအချိုးမပြောင်းဘူး။ အပိုတွေပြောမနေနဲ့"

"အေး။ ပြီးတာပဲ။ ဒါဆို ပွဲစျေးတန်းကို ငါပါလိုက်ခဲ့မယ်"

ဇေယျာချမ်းက ဟန်ပါပါလက်ပိုက်ထားရင်း မိုက်ကြည့်ကြည့်သည်။ ရဝေချမ်းမှာ ဆံပင်ကိုရေသုတ်နေရင်း  ဝေခွဲမရဖြစ်နေလေ၏။

Falling In Love With the Most Admired PersonWhere stories live. Discover now