Part-10

2.5K 341 46
                                    

Unicode Version

ရဝေချမ်းဟာ ဇေယျာချမ်း၏အကြံပေးချက်အတိုင်း လတ်တလောစာမေးပွဲကိုသာ အာရုံစိုက်ထားရသည်။ ခန့်မင်းနောင်ကလည်း ဤသည်ကို နားလည်သည်။ ဘာတစ်ခွန်းမှ စကားမဟလာဘဲ ရဝေချမ်းအား စာကိုသာအာရုံစိုက်နိုင်စေရန် ကူညီပေးသည်။ ယခုဆိုလျှင် ဇေယျာချမ်းကလည်း သူ၏တက္ကသိုလ်ပထမနှစ်ကို တက်ရောက်နေရပြီမို့ ရဝေချမ်း၏အနားတွင် အချိန်ပြည့်ရှိမပေးနိုင်သလို ရဝေချမ်းကလည်း စာမေးပွဲဖြေရန်သုံးလသာလိုတော့သည်ဖြစ်ရာ နေ့ရောညပါစာလေ့လာနေရသည်။

ခန့်မင်းနောင်လည်း ရဝေချမ်းနည်းတူ ပင်ပန်းရသည်သာ။ မေးခွန်းဟောင်းများကို ရှာလာပေးရပြီး အပြန်ပြန်အလှန်လှန် လေ့ကျင့်စေသည်။ သူကိုယ်တိုင်လည်း စာရေးသည့်အလုပ်တစ်ဖက်နှင့် ရဝေချမ်းအတွက် မေးခွန်းဟောင်းများနှင့်အဖြေများကိုပါ မမေ့မလျော့တွက်ထုတ်ရှင်းပြပေးတတ်သည်။

ခန့်မင်းနောင်ခမျာ သူကိုယ်တိုင်ဝင်မဖြေရရုံတစ်မည် လုပ်နေရသည်မှာ အတော်ပင်ပန်းသော်လည်း ရဝေချမ်းအတွက်မို့ ကျေနပ်ရပါသည်။ နေ့ဘက်ဆိုလျှင် စာရေးစရာရှိသည်များကိုရေးရပြီး ရဝေချမ်းအတွက် မေးခွန်းများကို အဖြေရှာပေးရသေးသည်။ ညဘက်ဆိုလျှင် ရဝေချမ်းကိုစာသင်ရသည်။ တစ်နေကုန် အားလပ်ချိန်ဟုသိပ်မရှိသော်လည်း ရဝေချမ်း၏မျက်နှာလေးကိုမြင်ရရုံဖြင့် ပင်ပန်းသမျှပြေပျောက်ရသည်။

အရာအားလုံးက ပုံမှန်အတိုင်းလည်ပတ်နေသယောင် ထင်ရသော်လည်း ခန့်မင်းနောင်နှင့်ရဝေချမ်း၏ ဆက်ဆံရေးမှာ အတည်မပြုရသေးသော်ငြား တစ်မျိုးတစ်ဖုံထူးဆန်းနေသည်မှာလည်း အမှန်ပင်။ ဤသည်ကို ခန့်မင်းနောင်ကလည်း သိသည်။ ရဝေချမ်းက သူ့အပေါ်မည်သို့သဘောထားသည်ကိုလည်း ရိပ်မိနေပြီဖြစ်သည်။

စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်မျိုး၌ ရဝေချမ်း ကျူရှင်ချိန်အားသည့်အခါမျိုးတွင် ခန့်မင်းနောင်က စာသင်ချိန်ဟုတ်သည်ဖြစ်စေ၊မဟုတ်သည်ဖြစ်စေ ရဝေချမ်းထံသို့ အမြဲသွားသည်။ ရဝေချမ်းမှာလည်း ဤရက်ပိုင်းအနားမရသည်ဖြစ်ရာ ခန့်မင်းနောင်လာလိုက်တိုင်း စာလုပ်နေသည်နှင့်သာ ကြုံသည်။

Falling In Love With the Most Admired PersonWhere stories live. Discover now