Part-8

2.4K 357 31
                                    

Unicode Version

ခန့်မင်းနောင်မှာ မျက်နှာချင်းဆိုင်တွင်ရှိနေသော ရောင်နီကိုကြည့်၍ မယုံနိုင်ခြင်းများစွာဖြင့် ကြည့်နေမိသည်။ ပြီးဆုံးသွားပြီးသားဆက်ဆံရေးကို ဘာကြောင့်များ ဤကဲ့သို့မျက်နှာပြောင်တိုက်နိုင်ရသလဲ။ ပြီးပြတ်သည်ဆိုသည်မှာလည်း သူ့ဘက်ကစခဲ့သည်မဟုတ်လား။ မိမိကမနေနိုင်စွာပြန်လည်တောင်းပန်ခဲ့တုန်းကတောင် တုတ်တုတ်မလှုပ်ခဲ့သူမလား။

“ဒီကို ဘာအတွက်ရောက်လာတာလဲ”

အေးစက်စက်လေသံတို့ဟာ ကြိုဆိုမှုမရှိဘူးဆိုသည့်အချက်ကိုပေါ်လွင်နေသည့်အတွက် ရောင်နီက မျက်နှာကွက်ခနဲပျက်သွားသော်လည်း ချက်ချင်းအမူအရာကို ပြန်ပြင်လိုက်သည်။ ပြီးနောက် ခန့်မင်းနောင်ကို အသာပြုံးလျက်ကြည့်ကာ ပြန်ပြောလေသည်။

“ငါလုပ်ခဲ့တာတွေက မင်းကိုနာကျင်စေခဲ့တယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် ငါ့အပေါ်ကို မင်းလောက်ဘယ်သူမှမကောင်းဘူးဆိုတာကိုငါသိလာရတယ်လေ။ ပြီးတော့ မင်း....”

“နေဦး။ ငါတို့အပြင်မှာ သွားပြောကြတာပိုကောင်းမယ်။ ဒီမှာအဖေနဲ့အမေရှိနေတယ်။ ငါတို့ကိစ္စကြောင့် သူတို့ကိုစိတ်မဆင်းရဲစေချင်ဘူး”

“အင်း။ ကောင်းပြီလေ”

ထို့ကြောင့် သူတို့နှစ်ဦးသား အိမ်ထဲမှထွက်လာခဲ့ပြီး ခြံရှေ့ရှိလူသူရှင်းသော အပင်အောက်တွင် စကားပြောဖြစ်ကြသည်။ ခန့်မင်းနောင်အနေနှင့်ဆိုလျှင် ဘာစကားမှ ပြောစရာမကျန်တော့သော်လည်း ရောင်နီ၏စရိုက်ကိုသိပြီးသားမို့ မိမိ၏အိမ်အထိ လိုက်လာနိုင်သော ရောင်နီ့ကို မြန်မြန်ပြန်လွှတ်ဖို့ရာ သူ၏စကားကို ခဏတော့ နားထောင်ပေးရမည်ဟုထင်သည်။

“ရောင်နီ ပြောစရာရှိတာမြန်မြန်ပြော”

“ဘာလို့ဒီလောက်လောနေတာလဲ။ စိုးရိမ်ရမယ့်တစ်စုံတစ်ယောက်ရှိနေလို့လား”

ရောင်နီ၏စကားဟာ မည်သည်ကိုရည်ရွယ်မှန်းသဘောပေါက်လိုက်သည်နှင့် ခန့်မင်းနောင်၏မျက်လုံးထဲမှာ မြင်ယောင်လာသူက ရဝေချမ်း.....။ သို့သော်လည်း လက်တွေ့တွင်တော့ ခေါင်းခါရမ်းပြလိုက်မိသည်။

Falling In Love With the Most Admired PersonWhere stories live. Discover now