အပိုင်း ၂

2.2K 216 54
                                    

Unicode
 

“Boss”

အသံသဲ့သဲ့လေး နားထဲတိုးဝင်လာသလို ခန္ဓာကိုယ်သည် အနည်းငယ်လှုပ်ခါလျှက်။

“Boss”

ပြတ်သားလာတဲ့အသံကြောင့် မျက်စိ စုံဖွင့်လိုက်မိတော့ အလင်းရောင်တွေက အတင်းတိုးဝင်လာကာ မျက်စိစူးသဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားရသည်။

“Boss ထတော့”

အသံက စိတ်မရှည်သလိုဖြစ်သွားပြီး

“Boss လုပ်တာ ကျွန်တော့်အိုးလေး ကွဲသွားပြီ”

နိုးနိုးချင်း ကြားလိုက်ရတာက ဝသန့်အိုး ကွဲပြီတဲ့။

ငူငူငိုင်ငိုင် ထထိုင်လိုက်တော့ တခြမ်းကွဲပြီး မြေကြီးတွေ ထွက်ကျနေသည့် နှင်းဆီပန်းအိုးလေးကို ဝသန်က လက်ညိုး ထိုးပြနေသည်။

“ကျွန်တော့်အိုးလေး”

သို့မှ နှင်းဆီပန်းအိုးမှန်း သိလိုက်ရသလို သူ့ခြေထောက်ဟာလည်း နာသယောင်နှင့် မြေကြီးတွေ ပေကျံနေ၏။ ဘယ်လိုတောင် ကန်ပစ်လိုက်မှန်းမသိပေမယ့် အားနာမိတာကြောင့်

“တောင်းပန်ပါတယ်ဗျာ ကျွန်တော် ပန်းအိုး ပြန်ဝယ်ပေးမယ်နော်။ ရပါတယ်။ အမြစ်တွေ ဘာမှမဖြစ်ရင် မသေပါဘူး”

သူ့အပြောကို ဝသန်က မကျေနပ်သလို့ဖြင့် ပြန်ကြည့်လာသည်။ နှင်းဆီပင်လေးက ဝသန့်အတွက် အရေးကြီးပုံ ရနေတာကြောင့် သူ ပို၍ပင် အားနာမိရသည်။

“ကျွန်တော် တောင်းပန်တယ်နော်”

“ထားပါ”

ဝသန်က ထွေထွေထူးထူး ထပ်မပြောပေမယ့်လို့ ကျေနပ်ပုံတော့မရ။ အပင်လေးကို အိုးကွဲတွေဖယ်ကာ အသာချခဲ့ပြီး အခန်းထဲမှ ထွက်သွားသည်။
ဝသန်ထသွားတော့မှ နေပိုင်လည်း အိပ်ယာထရန်ပြင်မိသည်။

ခြုံစောင်လေး ဖယ်တော့ ချက်ချင်းမဖယ်ရဲ။ အတွင်းကပုဆိုးမြဲရဲ့လား အရင်စမ်းရသေးသည်။ ပုဆိုးက မြဲနေကာမှ မတ်တပ်ထလိုက်ပြီး အခင်းနှင့် ခြုံစောင်ကို ဆွဲခေါက်လိုက်မိတော့သည်။

သူခေါက်အပြီးမှာ ဝသန်က ကြွပ်ကြွပ်အိတ် တစ်လုံးဆွဲကာအနားပြန်ရောက်လာပြီး နှင်းဆီပင်အထွေးလေးကို ထိုအိတ်ထဲ ထည့်ကာ အသင့်ယူလာသည့် ရေဗူးကလေးနှင့် ရေပေးနေ၏။
နှင်းဆီပင်က ရေကြိုက်ပေမယ့် ရေဝပ်တာ မကြိုက်တာမို့ ရေကို စိုရုံလေးသာ ဖြန်းနေသော ဝသန်အား သူ မသုန် မမှုန်စိုက်ကြည့်နေမိသည်။

My office romance (Complete)Where stories live. Discover now