အခန်း - ၁

176K 6.9K 521
                                    

အခုပြောပြမှာတွေက ဇာတ်လမ်းတစ်ပုဒ်လား ဟုတ်ရဲ့လား။ ဒါတော့ မသိတတ်ဘူး။ သေချာတာကတော့ ညို့ကို ချစ်မိခဲ့တဲ့အကြောင်းတွေပဲ။

ညို့လိုမိန်းမမျိုးဟာ ဒီကမ္ဘာမှာဖြစ်တည်လာတာတောင် နှမြောဖို့ကောင်းပါရဲ့လေ။ မိန်းမချင်းတောင် ချစ်မိရက်တဲ့အထိပဲ။ ဒီနိုင်ငံထဲ အတူမွေးဖွားလာရတာတော့ ညိုပေးတဲ့ ကောင်းချီးကလေးပဲဖြစ်မယ်။ ပြီးတော့ အဏ္ဏဝါ့အတွက် ညိုက သိပ်လှတဲ့ ဒဏ်ရာခပ်ရှရှပေါ့။

~

"နည်းနည်းလေး ရှေ့ကိုဆက်လျှောက်မယ်ဆိုရင် သူတို့အိမ်ကိုရောက်ပြီဗျ"

"သေချာရဲ့လားကလေး"

နေရောင်က ဒီနေ့မှပြင်းလိုက်တာ။ အဏ္ဏဝါတော့ ထီးတစ်ဖက်၊ စာအုပ်အထုပ်ကတစ်ဖက်နှင့်။ သိပ်ကိုအလုပ်ရှုပ်တဲ့ မေမေ့ရဲ့ အသိဆိုသူအိမ်ကိုရှာရတာ ပိုပြီးစိတ်ရှုပ်ရတယ်။ သန်လျင်ဟာ အရမ်းတော့ ပွေရှုပ်လှတဲ့မြို့မဟုတ်ပါဘူး။ ဒီတိုင်း ဒီမြို့မစျေးဘက်က ရပ်ကွက်တွေထဲအထိ မဝင်ဖူးတော့ အနည်းငယ်လောက် လမ်းပျောက်ရုံ။

"သေချာတယ်ဗျ သားအစ်ကိုက အဲ့အိမ်ကမမကို ကြိုက်နေတာ။ သူအမြဲပြောနေကျ။ သားကိုယုံလိုက်"

၁၂နှစ်အရွယ်လောက် ရှိပြီလို့ထင်ရတဲ့ကလေးက သူ့နဖူးပေါ်က ချွေးစတွေကို လက်သေးသေးလေးနဲ့ သပ်ချရင်းပြောသည်။

"အေးအေး ကျေးဇူးပဲမောင်လေး"

ကလေးလေးက လမ်းထိပ်ကမုန့်ဆိုင်ဆီကို ဦးတည်သွားမယ့်ပုံပါပဲ။ အဏ္ဏဝါ ထီးအဝါရောင်ကို မြဲမြံစွာကိုင်ပြီး စာအုပ်ထုပ်ကိုလည်း သေချာပြင်ကိုင်လိုက်တယ်။

'အမှတ်(xxx) ထန်းနှစ်ပင်လမ်းသွယ်၊ မြို့မတောင်ရပ်ကွက်၊ သန်လျင်'

မေမေပို့ထားတဲ့ message ကို သေချာငုံ့ဖတ်ပြီး အရှေ့တည့်တည့်က အိမ်အမှတ်နဲ့တိုက်ကြည့်လိုက်တယ်။ သေချာပါ၏။ ဒီအိမ်ပဲ။ တစ်ထပ်တိုက်ဟာ ခပ်ကျယ်ကျယ်။ ခြံတော့ဖြင့် မကျယ်ပါ။ ဒီရပ်ကွက်ထဲက အိမ်တွေဟာ အဲ့သည်လိုပဲ။ တိုက်ဘေးပတ်လည်မှာ ဆယ်ပေစာလောက် ကျယ်နေရုံလေးပဲရှိလိမ့်မယ်။ သို့သော် ယခုအိမ်၏ညာဘက်ဘေး၌တော့ အနည်းငယ်ထပ်ချဲ့ထားသည့် အမိုးတစ်ခုကိုမြင်ရသည်။ ထိုအောက်၌ အနက်ရောင် ကားတစ်စီးကိုတွေ့ရသည်။ တိုက်ရဲ့အရောင်က ခပ်ညိုညို။ ဒီအရောင်မျိုးကို သူတို့မို့ ခြယ်ထားတယ်။ အဏ္ဏဝါတော့ အညိုကိုမကြိုက်တတ်၊ မကြိုက်နိုင်။

ညိုWhere stories live. Discover now