အခန်း - ၁၄

35.1K 3.2K 132
                                    

"ကဲ ရပြီရပြီ။ အဏ္ဏဝါ့အတွက် ငရုတ်သီးမှုန့်အများကြီးမထည့်နဲ့မေမေ"

အုန်းနို့ခေါက်ဆွဲအရည်တွေထည့်ထားတဲ့ ကြွေပန်းကန်လုံးအကြီးကြီးကို လက်နှီးစနဲ့ သေချာကိုင်လာတဲ့ ညိုက အဲ့စကားကို အော်ပြောလာတယ်။ လက်တွေမြှောက်ထားလို့ ရှင်းရှင်းလင်းလင်းမြင်နေရတဲ့ ခါးသွယ်သွယ်ကို လွန်ခဲ့တဲ့ တစ်နာရီလောက်က အဏ္ဏဝါဖက်ခဲ့တယ်ဆိုတာ မယုံနိုင်။

"ပူလိမ့်မယ် ညို။ ကျွန်မဘာသာထည့်လိုက်မယ် ရတယ်"

ထမင်းစားစားပွဲမှာ အဆင်သင့်ထိုင်နေခဲ့ရတာနဲ့တင် အဏ္ဏဝါ အားနာလှပြီ။ သို့သော် ညိုက သူ့အနောက်ကိုလုံးဝလိုက်မလာဖို့ မှာထားခဲ့တာကို။ ညို့ကိုဖက်ထားတုန်းက ညို့အသားတွေတုန်ယင်နေတာ။ မထိတွေ့ကြည့်လိုက်ပေမယ့် ညို့လက်ဖျားတွေပါ အေးနေမှာကိုအဏ္ဏဝါသိတယ်။ ညိုဘာကိုကြောက်သလဲဆို ညိုဟာ အချစ်ကိုကြောက်သည်ပဲ။ ဒါကို အဏ္ဏဝါ ရှာဖွေတွေ့ရှိပြီးပါပြီ။ ညို့မှာ သူမအတွက် ပေးစရာအခွင့်အရေးလေး တစ်ခုလောက်ပဲဖြစ်ဖြစ် ရှိရင်တောင် အဏ္ဏဝါက အမိအရဖမ်းဆုပ်ပြီး၊ ညို့ကို လုံးဝလက်မလွှတ်ဖို့ ဆုံးဖြတ်ပြီးပြီ။

"ပြန်ရင် ညိုလိုက်ပို့မယ်လေနော်"

စားပွဲအလယ်ဆီက ကြွေပန်းကန်ပြားအလတ်ထဲရှိ သံပုရာသီးတစ်စိတ်ကို လှမ်းယူရင်း ညိုပြောသည်။ ညို့မေမေကတော့ ငရုတ်သီးမထည့်ဘဲ အုန်းနို့ခေါက်ဆွဲကို ခပ်ဖြေးဖြေးချင်း စားနေလေပြီ။

"ရတယ် ညို။ ကျွန်မ လွင့်အိမ်ကိုဝင်ချင်သေးလို့"

အဏ္ဏဝါပြန်ပြောတော့ အရည်ကုန်သွားပြီဖြစ်တဲ့သံပုရာသီးစိတ်ကို ညိုက မချဉ်တဲ့အတိုင်း သူ့နှုတ်ခမ်းဖျားနားမှာအပ်ထားတယ်။ ညို့မျက်ရစ်တွေက လေးတစ်စင်းလို လှပစွာပဲ မျက်ခွံထက်မှာ တွန့်ကွေးနေတယ်။

"ညိုလိုက်ပို့ချင်လို့ကို"

အဏ္ဏဝါ အထင်မှားသလားမသိပေမယ့် အန်တီခင်ညိုက ကြွေဇွန်းကိုကိုင်လျက်ကနေ ညို့ကို ဆတ်ခနဲကြည့်လိုက်တယ်။ ညိုကတော့ ငရုတ်သီးအရောင်ရဲနေတဲ့ သူ့အုန်းနို့ခေါက်ဆွဲတွေကို တစ်ဇွန်းချင်း စိမ်ပြေနပြေခပ်စားတယ်။ အပူကြောင့် ရဲတက်လာတဲ့ ညို့နှုတ်ခမ်းတွေကိုငေးရင်း အဏ္ဏဝါ့ရှေ့က အုန်းနို့ခေါက်ဆွဲတွေ ပွကုန်သယောင်ထင်ရသည်။

ညိုWhere stories live. Discover now