Episode (3)

2K 187 5
                                    

Unicode

" အခုချက်ခြင်း အနောက်နန်းဆောင်ကို အဝင်အထွက်လုပ်နိုင်သမျှ ဂိတ်တွေအကုန်ပိတ်လိုက်! "

သွေးပူနေသော နောနှင့် မယ်တော် ဘာကိုမှဆုံးဖြတ်ချက်မချနိုင်ခင်မှာ အကိုတော်ယိမ်းက လျင်မြန်စွာအစောင့်တွေကို အမိန့်ပေးလိုက်သည်။

" တရားခံမပေါ်မချင်း ဒီညဘယ်သူမှ ဒီနေရာကနေ တဖဝါးမခွာရဘူး "

ညနေအထိနောနှင့်အတူရှိနေခဲ့သောစောသည် ယခု လောကကြီးကထွက်ခွာသွားခဲ့ပြီ။ ရဲရင့်တဲ့စော၊ မဟုတ်မခံတဲ့စော၊ စကားကိုချိုချိုသာသာမပြောတတ်တာကလွဲရင် စိတ်ရင်းကောင်းတဲ့စောကို ဘယ်သူကများ ရက်ရက်စက်စက်သတ်သွားတာလဲ။ သွေးဒလောစီးဆဲဖြစ်နေသောနေရာမှာ စော၏အာခံတွင်းကပင်ဖြစ်သည်။ စော၏အလောင်းတွင် လျှာမရှိတော့၊ နတ်ဆရာများ ဝိဉာဉ်ပင့်၍မေးမြန်းမည်ဆိုလျှင်တောင် စောဟာ တမလွန်ဘဝမှာ ဖြေကြားနိုင်ခြင်းမရှိတော့ပါ။ 

စောကိုစောင့်ပြီးမှ နတ်ရေကန်သို့တူတူသွားခဲ့ရမှာ... စောကိုယ်တိုင်လည်း နောကိုစောင့်ခိုင်းခဲ့သည်။ ဗျစ်တောက်ဗျစ်တောက်ပြောတတ်တဲ့ အစ်မတစ်ယောက်ကို ဂုဏ်ရည်တင်နေတဲ့အချိန်ပါ နားငြီးမခံနိုင်ပေါင်ဆို ထားခဲ့သူမှာ နောဖြစ်နေသည်။ စောသာ နောနှင့်အတူတူရှိနေလျှင် ယခုလို မညှာမတာရက်စက်တဲ့ လူသတ်သမားနဲ့တွေ့မှာမဟုတ်ဘူးဆိုသည့် အတွေးဖြင့် နောဖြေမဆည်နိုင်။

" ဘယ်သူ စောရဲ့အလောင်းကို ပထမဆုံးတွေ့တာလဲ? စောရဲ့အထိန်းတော်တွေက ဘယ်ရောက်နေလဲ "

အကိုတော်ယိမ်းမှ ကျယ်လောင်စွာမေးလိုက်သည်။

" ညနေပိုင်း ရှင်မင်းသားနော နဲ့ မင်းသမီးတို့ အတူတူရှိနေတဲ့အထိ ကျနော်မျိုးမတို့ရော ရှင်မင်းသားနောရဲ့ အထိန်းတော်ကြီးတို့ပါ ခစားနေခဲ့ပါတယ်။ ရှင်မင်းသားနော ထွက်သွားပြီး ခဏနေတော့ မင်းသမီးကိုယ်တိုင် တစ်ယောက်ထဲနေချင်တယ်။ ကျနော်မျိုးမတို့ကို ဒီမှာစောင့်နေဖို့မှာကြားခဲ့ကတည်းက အားလုံးဒီကပဲစောင့်နေခဲ့ကြတာပါ။ ပူဇော်ပွဲပြီးသွားတဲ့အချိန်ထိ မင်းသမီးကိုရှာမတွေတာကြောင့် ကျနော်မျိုးမတို့ နေရာအနှံ့လိုက်ရှာခဲ့ပါတယ်။ မိဖုရားကြီးရောက်လာတော့ မင်းသမီးပျောက်နေကြောင်းလျှောက်တင်လိုက်ပြီး ရဲမက်အင်အားသုံးရှာလိုက်ကာမှ မင်းသမီးရဲ့အလောင်းကို နန်းဆောင်အောက်ရဲ့ မြောင်းထဲမှာတွေ့ရှိရတာပါ "

သွေဖယ်ကျူးရင့် စူးနင့်ကြမ္မာ (𝙍𝙚𝙗𝙚𝙡𝙡𝙞𝙤𝙣 𝙤𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮)Where stories live. Discover now