*မင်းသားကို မင်း ဒီလိုပဲ ကြည့်နေတော့မှာလား*
ရှောင်ပါးပါးသည် ဆိုဖာအနက်အိအိကြီးအပေါ် ထိုင်မရ၊ ထမရဖြစ်နေကာ သူ့ဘေးက ဆိုဖာတွင် ရှိနေသော မိန်းမနဲ့သားကို ကြည့်လိုက်၏။ မိန်းမဖြစ်သူသည် သူ့ကို ပြန်ကြည့်လာကာ
*သားကို ကျွန်မက အခုလိုမကြည့်တော့ ဘယ်လိုကြည့်ရမလဲ..ကလေးပဲ တစ်ခါတစ်လေလေး စာမေးပွဲကျတာကို*
*ဘာ..တစ်ခါတစ်လေ ဟုတ်လား.! မင်းရဲ့သားစာမေးပွဲကျတာ တစ်ခါတစ်လေလားကွ*
*ဘာပဲဖြစ်ဖြစ်ရှင်..သားလေး ပျော်ဖို့အဓိကပဲ*
*အေးအေး..မင်းရဲ့သားကို မင်းဖျတ်ဆီးနေတာကွ*
သူတို့လင်မယားနှစ်ယောက်ကသာ ရန်ဖြစ်စကားများနေပေမယ့် စကားများရသည့် အကြောင်းအရင်းနဲ့ သက်ဆိုင်နေသော သူသည် အေးအေးဆေးဆေးပင်။ဆိုဖာကို ခပ်လျှောလျှောမှီကာ ပါးစပ်ထဲတွင် မလှုပ်တလှုပ် ဝါးနေသည်က ပီကေဖြစ်ဟန်တူ၏။
သူတို့လင်မယားနှစ်ယောက်ကသာ ဒေါသထွက်နေရပြီး ထိုကောင်ကတော့ တရားရနေတဲ့အတိုင်း။
*ဟိတ်ကောင်*
ထိုလိုထူးတော့လဲ မော့ကြည့်သည်။ အကြည့်တွေက မခန့်လေးစားနဲ့..။ သူ့ကို အဖေလို့ရော သတ်မှတ်သေးသလား မသိတော့ပေ။
*မင်း ဒီလိုပဲနေတော့မှာလားကွ ဟမ်.!!*
သူ ဒေါသထွက်စွာ မေးလိုက်၏။
*မနေဘူးလေ..ဒက်ဒီပြောပြီးတာနဲ့ အပေါ်ထပ်တက်တော့မှာ*
*ဟိတ်ကောင်..!!*
ရှောင်ပါးမှာ မျက်နှာကြီးရဲပြီး ထ၏။ ထိုအခါ ကြားထဲက ဖြတ်ဝင်လာသူက ရှောင်မားပင်ဖြစ်၏။
*သားငယ်လေး သွားသွား..အပေါ်ထပ် တက်တော့*
*မတက်နဲ့အုံး ဟိတ်ကောင်.!*
*ဟုတ်ကဲ့ ဒယ်ဒီ*
ရိုရိုကျိုးကျိုး ပြောသယောင် ဖြစ်နေပေမယ့် မျက်နှာအမူအရာနှင့် ထိုင်နေသည့် အနေအထားက ရွှေရင်အေးတရားဟောတာကို ငြိမ်ငြိမ်သပ်သပ် နားထောင်မည့်ပုံ။ ဒါပေမယ့် နားထဲမရောက်ဘူးဆိုတာ ထောင့်မကျိုးသည့် ပုံစံကို ကြည့်သည်နှင့် သိ၏။