ခရေပင်တန်းရပ်ကွက်

5.3K 239 32
                                    

ခရေပင်တန်း ရပ်ကွက် (ကိုယ်ထူကိုယ်ထ လမ်းခင်းသည်၊ ကျောင်းဆောက်သည်။)

ရေနံချေးရောင်ထနေသည့် သံပြားကြီး တစ်ချပ်ပေါ်တွင် အဖြူရောင်စာလုံးများဖြင့် ထင်ရှားအောင်ရေးထားသော ဆိုင်းဘုတ်တစ်ချပ်က ရပ်ကွက်ထိပ်အဝင်ဝတွင် ခန့်ညားစွာ ကြိုဆိုလျက်ရှိနေပါသည်။

ဝါးပိုးဝါး အထူလုံးကြီး နှစ်လုံးကို ဘယ်တစ်ဖက် ညာတစ်ဖက် ညီညာနေအောင်ထောင်ပြီး လေးထောင့်စက်စက် သံပြားဆိုင်းဘုတ်ကြီးကို ကြေးနန်းကြိုးများဖြင့်ခိုင်မြဲစွာ ချည်နှောင်ပံ့ပိုးထားပြန်လေ၏။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ကိုယ်ထူကိုယ်ထအား မည်မျှရှိနိုင်သလဲကို သိနိုင်ကောင်းရဲ့။

လမ်းတစ်လမ်းခြားရုံနှင့် ရပ်ကွက်တစ်ခုခြားသလို မြို့နယ်တစ်ခုပါခြားသွားနိုင်သည့် မြို့ကြီးပြကြီးသည် သိပ်တော့ ထူးဆန်းလှသည်​​ မဟုတ်။ လူနေထူထပ်ပြွတ်သိပ်မှုက များပြားလွန်းသည်မို့.....။

သို့သော် လမ်းလေးတစ်ခုခြားလိုက်ရုံနှင့် ခံစားရမှုအငွေ့အသက်တို့ ​ပြောင်းပြန်ဖြစ်သွားနိုင်သည်ကတော့ ထူးဆန်းလွန်းသည်။ အထူးသဖြင့် ခရေပင်တန်း ရပ်ကွက်ကို ခြေချလိုက်သည့်အချိန်တွင်ဖြစ်သည်။

ခရေပင်တန်း ရပ်ကွက်။ ဟုတ်ပါသည်။ နာမည်နှင့်လိုက်အောင်ပင် ခရေပင်အကြီးကြီးများ တန်းစီကာ ပေါက်ရောက်လျှက်ရှိနေပြီး ရပ်ကွက်အစ၊ လမ်းအစကို ဝင်လိုက်သည်နှင့် မွှေးပျံ့သော ခရေပန်းရနံများက ကြိုဆိုနေမည်ဖြစ်ပြီး သစ်ရိပ်ဝါးရိပ်၏ အေးမြသော အာဝါသကိုပါ တစ်ပြိုင်နက်တည်း ခံစားရပါလိမ့်မည်။

ဘယ်နေရာကပဲပြန်လာပါစေ၊ မိမိအိမ်ကိုပြန်ရောက်လျှင် အေးမြသွားသည်ဟု ခံစားရသလိုပင် ဤရပ်ကွက်အတွင်းခြေချလိုက်လျှင်လည်း ထပ်တူထပ်မျှပင် လုံ​ခြုံသည်ဟု ခံစားသွားရနိုင်ပါသည်။

ခရေပင်တန်း ရပ်ကွက်သည် ကိုယ်ထူကိုယ်ထ ရပ်ကွက်လေးတစ်ခုဖြစ်သလို စည်းလုံးညီညာသော ရပ်ကွက်သူရပ်ကွက်သားများ နေထိုင်ရာ ကြငှန်းလေးတစ်ခုလည်းဖြစ်လေသည်။

ရပ်ကွက်အတွင်း မည်ကဲ့သို့သော ပြသနာတွေဖြစ်ပါစေ၊ လမ်းအတွင်း၌ပင် ငြိမ်းအောင် စွမ်းဆောင်နိုင်စွမ်းရှိကြသည်။ ဟိုဘက်အိမ်နှင့် ဒီဘက်အိမ် နှစ်အိမ်ကပ်နေပြီး ရန်ဖြစ် သတ်ပုတ်ကြလည်း တခဏနှင့်ပင် ရန်ပွဲပြေသည်။

တစ်ဦးကိုတစ်ဦး အငြိုးမထားကြသလို အချင်းလည်းမပွားကြ၊ အချိန်တန်လျှင် တဟီးဟီး တဟားဟားနှင့် တစ်နေ့တာကို ကုန်ဆုံးကြပြန်သည်။

ရပ်ကွက်တို့၏ ထုံးစံအတိုင်း တစ်မိပေါက်တစ်ယောက်ထွန်းဆိုသလို တစ်ရပ်ကွက်ဖွား တစ်ကောင်ကျားဆိုတာမျိုးလည်း ရှိကောင်းရှိကြသေးသည်။ သို့သော် ခရေပင်တန်းသို့ ပြောင်းရွှေ့လာကြသည့် လူအများကတော့ မကြာခင်အချိန်အတွင်းမှာပင် အသားကျစွာ နေထိုင်သွားတတ်ကြသည်က များပါသည်။

ဤမျှ ဒေါသမာန်မာနကင်းသော ရပ်ကွက်ငယ်လေးတစ်ခု။ တိတ်ဆိတ်အေးချမ်းသော ရပ်ကွက်ငယ်လေးတစ်ခု။

ထိုသို့ ငြိမ်သက်နေသော ရပ်ကွက်ငယ်လေးတစ်ခုသည် ၂၀၀၀ ခုနှစ်၏ အစောပိုင်း လတချို့မှာပင် လှုပ်လှုပ်ရှားရှားနှင့် အသက်ဝင်လာခဲ့သည်။

နာကျင်စရာ၊ စိတ်ဆင်းရဲစရာ ကိစ္စရပ်များကြောင့် အသက်ဝင်လာရခြင်းတော့ မဟုတ်။

ကြည်နူးခြင်း၊ ပျော်ရွှင်ခြင်းနှင့် အသည်းယားခြင်းတို့ဖြင့် ပြည့်လျှံကာ လှုပ်လှုပ်ရှားရှားအသက်ဝင်လာကြခြင်းဖြစ်လေသည်။

အကြောင်းအရင်းကတော့..........ဒီလိုလေး စတင်ခဲ့ပါလေရဲ့။

A Story of 2000sWhere stories live. Discover now