Part 44 (Uni + Zawgyi)

788 93 92
                                    

၁၉၈၂ ခုနှစ်၏ နွေရာသီနေ့ရက်တချို့။

ခပ်တိုးတိုးဖွင့်ထားသော နိုင်ငံခြားဖြစ်နောက်ခံတေးဂီတသံသည် မီးရောင်စုံများပြိုးပြိုးပြက်ပြက်လက်နေသော ခြံဝင်းကြီး၏အတွင်း၌ သာယာငြိမ့်ညောင်းစွာ ပျံ့လွင့်လျက်ရှိနေ၏။ ထိုခြံဝင်းကြီး၏ အတွင်း၌ကား ဟိုဟိုဒီဒီ သွားလာလှုပ်ရှားနေသူများ၊ တစ်ဦးနှင့်တစ်ဦးမတွေ့ရသည်မှာ ကြာနေသည့်အလား နှုတ်ဆက်စကားပြောနေသူများနှင့် ပျားပန်းခပ်သဖွယ် စည်ကားနေပြန်ပါ၏။

မကြာမီ အသစ်ဖွင့်လှစ်တော့မည့် ရုပ်ရှင်ရုံများနှင့် တေးသံသွင်းလုပ်ငန်းခွဲများအတွက် အောင်မြင်မှုခြေလှမ်းအနေဖြင့် The Sun မှ ရည်ရွယ်ကာ ကျင်းပခဲ့သော ညစာစားပွဲပါတီဖြစ်ပြီး တိုးလျိုပေါက်ဖွင့်ထားသည့် ခြံတံခါးမှတဆင့် အလျှိုလျှိုဝင်လာသော ဧည့်သည့်များဆိုသည်မှာလည်း တိုး၍ပင်မပေါက်။ သို့သော်ငွေကြေးရတက် ပြည်စုံကြွယ်ဝသော အသိုင်းအဝိုင်းမှလူများ စုဝေးကြသောနေရာဖြစ်သောကြောင့်ရယ်လားမသိ။ ဝတ်ပုံစားပုံနှင့်ပြောပုံဆိုပုံတို့သည် အထက်တန်းဆန်ဆန်ပင်ဖြစ်ပြီး စားသောက်တန်းမှအပ ကျန်သည့်နေရာများတွင် ဆူညံခြင်းမရှိနေပေ။

"ဂုဏ်ယူပါတယ် ကိုနေပိုင်ရေ၊ ဘာပဲဖြစ်ဖြစ် ကျုပ်တို့တွေ ခြေတစ်လှမ်းဆက်တိုးလာနိုင်ခဲ့ပြီနော်"

"ဒါပေါ့ဗျာ ပပဝင်းတို့ ရဲရင့်တို့လို ရုပ်ရှင်ရုံအကြီးကြီးတွေကို မယှဉ်နိုင်သေးပေမဲ့ အခုလောလောဆယ်မှာတော့ ကျေနပ်စရာအတိပါပဲ"

"ဒါပေမဲ့ The Sun ရဲ့ နေပိုင်ပဲလေဗျာ၊ ကျုပ်တို့က ယုံကြည်ပြီးသားပါ"

"ဟား ဟား ဟုတ်ပါပြီဗျာ၊ ဒါဆိုရင် နေပိုင်ဆိုတဲ့ ကျွန်တော်နဲ့ ဆက်လက် လက်တွဲပေးကြပါဦး"

အပြန်အလှန်ပြောနေကြသော စကားဝိုင်းလေး၏အသံသည် သိပ်မတိုးမကျယ်မို့ အခြားသော ဝိုင်းမှလူများကလည်း နားစွင့်လျက်ရှိကုန်ကြကာ ပြောသမျှကို လိုက်လံနားထောင်ရင်း တပြုံးပြုံး။ တချို့ တချို့ဆိုလျှင် ထိုင်နေရာမှပင် ထလာကာ ဦးနေပိုင်အား လာရောက်နှုတ်ဆက်ကြလေ၏။
ဦးနေပိုင်သည်လည်း လွန်စွာကျေနပ်ပီတိဖြစ်နေဟန်ဖြင့် ပြုံးပျော်၍နေသည်။

A Story of 2000sWhere stories live. Discover now