Part 18 (Uni)

808 117 52
                                    

အခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန် လျှောက်နေသည်မှာ အရေအတွက်မနည်းတော့ပေ။ အကြိမ်ကြိမ် အဖန်ဖန် စဥ်းစားနေသော်လည်း အဖြေကား မထွက်။ လွန်ခဲ့သောတစ်လကတောင် ရယ်ရယ်မောမောနှင့် ဖုန်းဆက်စကားပြောခဲ့ကြသေးသည်။ ထူးဆန်းသည့် အရိပ်အယောင်ဟူ၍ စကားဖြင့်တောင် တစ်စွန်းတစ်စမျှပင်မပြခဲ့။

အရင်ကဆို တစ်ခုခုဖြစ်တိုင်း အသိပေးလာနေကျ ကလေးဖြစ်သလို မိမိအဖေကိုတောင် လူသတ်သမားဟု ပေါ်တင်ပြောတတ်သည့် ကလေးက အခုတော့ ပျောက်ချင်းမလှပျောက်နေ၏။

The Sun တစ်ခုလုံးပတ်မေးခဲ့သော်လည်း နိုင်ငံခြားသွားသည်ဟူသော အဖြေမှအပ ကျန်တာ မသိခဲ့ရ။ ဒေါ်တင်မမ၏ ခြယ်လှယ်နေမှုကိုတော့ အရိပ်အမွက်ကြားသိခဲ့ရသည်။ ဒါကလည်း မထူးဆန်းတော့။
ငယ်ငယ်ကတည်းက မြင်တွေ့ကြားသိခဲ့ရပြီးပြီမို့...။

ဒါဆို ရတုက ဘာတွေလုပ်နေတာလဲ။ မိမိကိုယ်မိမိမေးခွန်းထုတ်ရင်း မမျှော်လင့်ထားသည့် အတွေးဆိုးတစ်ခုက ခေါင်းထဲ ရုတ်တရက် ဝင်လာလေတော့ ဘုရားတလိုက်မိသည်။

ဘုရား ဘုရား။ ရတုကို လက်စများဖျောက်လိုက်ကြပြီလား။

ရှယ်ယာများကိုမက်၍ တစ်စုံတစ်ခုလုပ်ရလောက်အောင်လည်း ကြားသိရသလောက် ရတုကိုယ်တိုင်က လိုလိုလားလားနှင့် အားလုံးကို လွှဲပြောင်းပေးခဲ့သည်တဲ့။

အတွေးနှင့်ပင်​ လူက မူးလဲချင်လာတော့၏။
မတ်တတ်လည်း ရပ်မနေနိုင်တော့။ ကုတင်ပေါ်တွင် တင်ပုလွှဲ ခဏထိုင်ချလိုက်ရသည်ဖြစ်သွားရသူကတော့ သန္တာကျော်ထင်အောင်ရယ်ပါ။

ဒယ်ဒီ၏ ကျော်ကြားကုမ္ပဏီသည် လွန်ခဲ့သောနှစ်များစွာက The Sun နှင့် ပြိုင်ဘက်ဖြစ်ဖူးခဲ့ကြသေးသည်။ ထိုအချိန်တုန်းက အငယ်စား လုပ်ငန်းရှင်လေးများနှင့် အကျိုးတူပူးပေါင်းပြီး The Sunကို အကြီးအကျယ် လိုက်တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ဦးနေပိုင်၏ စီမံကွပ်ကဲမှုထက်မြက်ခြင်းကြောင့် မိမိတို့၏ကျော်ကြားအုပ်စုသည် The Sun ကို မကျော်နိုင်ခဲ့ကြ။

နယ်ပယ်တူ စီးပွားရေးတစ်ခုဖြစ်သည့်အတွက် ဦးနေပိုင်နှင့် ဒယ်ဒီတို့သည် ပုဂ္ဂိုလ်ရေးအရ အပြင်ဘက်တွင် ခင်မင်ရင်းနှီးကြပြီး အမြဲလိုလို တပူးပူးတတွဲတွဲ ရှိတတ်ကြသေးသည်။ စီးပွားရေးက စီးပွားရေး၊ လူမူရေးက လူမူရေးဟု ဆိုကြသလို စည်းတစ်ခုထားပြီး ကောင်းမွန်ခဲ့ကြသော ဆက်ဆံရေး တစ်ခုလည်းဖြစ်ခဲ့ကြသည်ကို မြင်တွေ့ခဲ့ရဖူးသည်။

A Story of 2000sOù les histoires vivent. Découvrez maintenant