Part 33 (Uni + Zawgyi)

727 103 69
                                    

နှစ်ဟောင်းကုန်၍ နှစ်သစ်ကို ကူးပြောင်းကြရတော့မည်မို့ လှုပ်လှုပ်ရှားရှားဖြစ်နေသည်မှာ ခရေပင်တန်းတစ်ခုတည်းတင် မဟုတ်ခဲ့။ ဟိုဘက်ရပ်ကွက် ၊ ဒီဘက်ရပ်ကွက် အပါအဝင် အလုံးစုံသော အရပ်တို့မှ လူများအားလုံးပင်ဖြစ်ပါ၏။ ထိုသို့လှုပ်လှုပ်ရှားရှား ဖြစ်နေသည့်အထဲတွင် အမှတ် ၄၀ ဗိုက်ပူကားဂိတ်မှ ကားသမားများလည်း မပါမဖြစ် ဖြစ်ပါသည်။

အခါကြီးရက်ကြီးပေမို့ ဘတ်စ်ကား ကားခသည် နှစ်ဆဖြစ်သွားသည်။ ထို့ကြောင့် ကားထွက်လျှင် ဝင်ငွေနှစ်ဆမျှရမည်ကိုသိထားသောကြောင့် ကားဂိတ်ရှိ ကားသမားအပေါင်းတို့သည်ကား ဖင်တကြွကြွနှင့်။ အကြောင်းရင်းကတော့ ကားလိုက်ရင်ကောင်းမည်လား၊ ဒါမှမဟုတ် ဂိတ်ရှိ မဏ္ဍပ်တွင် မူးပြီး ကဲရမည်လားကို ဆုံးဖြတ်ဝေခွဲမရကြဖြစ်နေကြပုံရကြသည်။

တစ်ဂိတ်လုံး ယတိပြတ် ကားနား၍လည်းမရပေ။ သင်္ကြန်ကာလအတွင်း ခရီးသည်များ၏ သွားရေးလာရေးက ရှိနေသေးသဖြင့် မဖြစ်မနေ အနည်းအကျဉ်းမျှ ကားထွက်ရပေဦးမည်။

ဂိတ်မှုးကတော့ ဂိတ်တွင်မရှိချေ။ ဘယ်ကားထွက်မည် မထွက်မည်ကိုလည်း စိတ်မဝင်စားအားပါ။  ခါတိုင်းနေ့များတွင်တောင် ဘုံဆိုင်ရောက်နေတတ်သောသူဖြစ်၍ ဒီရက်ပိုင်းတွင် အရိပ်အယောင်တောင် မြင်ရပုံ မပေါ်ပါလေ။

"ဒီနေ့ ကားထွက်မှာလား ငဇော်"

ဂိတ်ထိုးရာနေရာသို့ ငိုက်စိုက်ငိုက်စိုက်ဖြင့် ရောက်လာသော ငဇော့်ကို ဂိတ်ထဲမှ ကားသမားတစ်ယောက်က လှမ်းမေးလိုက်ခြင်းဖြစ်ပါ၏။

"ထွက်ဖြစ်မယ် ထင်တယ် ကိုပွါးရေ၊ တစ်ကြောင်းတက် တစ်ကြောင်းဆင်းလောက်ပါပဲ၊ လုံးဝ မထွက်လို့ကလည်း မဖြစ်ဘူးလေ၊ ခရီးသည်တွေရဲ့ သွားရေးလာရေးက ရှိသေးတယ်"

"အေးလေကွာ၊ အနည်းဆုံးတော့ တစ်စီးကို တစ်ကြောင်းလောက်တော့ ဆွဲသင့်ပါတယ်၊ အခုဟာက ."

ကိုပွါးက စကားကို ရှေ့မဆက်ဘဲ ခပ်လှမ်းလှမ်းတွင်ရှိနေသော မဏ္ဍပ်ဆီသို့သာ မေးဆတ်ပြလိုက်ပါ၏။ ဂိတ်မဏ္ဍပ်ထဲတွင် စုနေကာ ကားထွက်ဖို့အရေး သူထွက်နိုး ငါထွက်နိုးနှင့် ကပ်တွက်နေကြခြင်းကို ကိုပွါးက အမြင်စောင်းနေခြင်းဖြစ်သည်။

A Story of 2000sWhere stories live. Discover now