Part 40 (Uni)

721 93 69
                                    

နွေခေါင်ခေါင်ဖြစ်၍ ဖုန်သိပ်ထူသည်။ ကတ္တရာပါရုံလေးသာ လောင်းထားသည့် ပေတစ်ရာလမ်းမထက် ကားတစ်စီးဖြတ်မောင်းသွားတိုင်း လွင့်ပျံလွန့်လူးတက်သွားသော သစ်ရွက်ခြောက်များသည် ထောင်းခနဲထလာသော ဖုန်မှုန့်များနှင့်အတူ တေးသွားမပါသည့် ဂီတသံစဉ်တစ်ပုဒ်ကို လေထုထဲတွင် တီးခတ်နေသယောင်ယောင်ရှိနေ၏။

ပိတောက်ပန်းသာ နွေတွင် ပွင့်သည်မဟုတ်။ ငုဝါပန်းတို့မှာလည်း နွေ၏အကူအညီဖြင့် အပြိုင်အဆိုင်ဖူးပွင့်ကြတတ်သည်။ ခူးသူ၊ ချိုးသူ၊ ခုတ်သူမရှိသော နေရာပေမို့ အပွင့်တို့ မြိုင်ဆိုင်လှသလို မြေပြင်ထက် ပြန့်ကျဲနေသော အပွင့်ကြွေ ၊ရွက်ကြွေများကား ပန်းခင်းကြီးသဖွယ် ဝင်းဝါလျက်ရှိနေပြန်၏။

ကားမှတ်တိုင်။
ဟုတ်ပါသည်။ ကားမှတ်တိုင်လေးတစ်ခု။ လူအရောက်အပေါက်နည်းသော ၊ လူအသွားအလာနည်းသော ၊ လူအတက်အဆင်းနည်းသော နေရာတစ်ခု၊ သို့မဟုတ် ခရီးတစ်ထောက်နားရုံမျှလောက်သာ အသုံးဝင်သော ကားမှတ်တိုင်လေးတစ်ခု။

ထိုင်စရာနေရာရယ်လို့ ကြီးကြီးမားမားမရှိ။ ဝါးပိုးဝါးကို ထက်ခြမ်းခွဲကာ သုံးခြမ်းမျှလောက်နှင့် စတိသာသာ ဖင်ထိုင်ခုံတန်းလျားအဖြစ် ငုဝါပင်ကြီးကိုအမှီသဟဲပြုကာ ပြုလုပ်ထားသည်။ အမိုးအနေနှင့်ကတော့ ဓနိဖက်များ ခပ်စိပ်စိပ်မိုးထားပြီး လူနှစ်ယောက် သုံးယောက်မျှ ကောင်းမွန်စွာ အနားခို၍ ရနိုင်ကောင်း၏။

ထိုကားဂိတ်ကလေးတွင် လူတစ်ယောက် မတ်တတ်ရပ်နေခဲ့သည်မှာ နာရီအနည်းမျှကြာမြင့်ခဲ့ပြီဖြစ်လေသည်။ လေအဝေ့တွင် ကြွေကျလာသော ငုဝါပွင့်ဖက်ကြွေများကိုငေးကြည့်လိုက်၊ နားရွက်ကြားမှ ဆေးလိပ်တိုကို မီးညှိကာ တစ်ရှိူက်နှစ်ရှိုက်မျှဖွာလိုက်နှင့် အေးဆေးစွာ ခရီးတစ်ထောက်နားနေခဲ့သည်မှာ အပြင်ပန်းကြည့်ပုံအရ အေးအေးလူလူနိုင်လှသည်ဟု ထင်ကောင်းထင်နိုင်ပါ၏။ သို့သော် နီရဲနေသော မျက်ဝန်းများနှင့် အညိုရင့်ရောင်ဘက် ကူးပြောင်းစပြုနေသော အောက်မျက်ခမ်းစပ်တွေက လူတစ်ယောက်၏ရင်ထဲက နာကျင်မှုကို ဖုံးကွယ်နိုင်စွမ်းမရှိပါချေ။

A Story of 2000sWhere stories live. Discover now