Part 11 (Uni)

844 139 37
                                    

အမှတ် ၄၀ ဗိုက်ပူကားကြီးတစ်စီးသည် အမှတ်၂ လမ်းမကြီးပေါ်မှတဆင့် ပြည်ထောင်စုတံတားပေါ်သို့ အရှိန်ဖြင့် တက်လာ၏။

''ဘုရား ဘုရား''

''ဘယ်လိုကြီးမောင်းနေတာလဲ မသိပါဘူးဟယ်''

ကားပေါ်ရှိ ခရီးသည်များ၏ စိုးရိမ်စွာဖြင့် တီးတိုးပြောဆိုနေကြသော အသံများကလည်း ထွက်ပေါ်လာ၏။

ဗိုက်ပူကားတို့၏ ထုံးစံသည်  ဘယ်သောအခါမှ လမ်းပေါ်တွင် တည့်တည့်မတ်မတ်သွားလေ့မရှိ။  လက်ယာဘက် ကပ်မောင်းရသော ယာဥ်အမျိုးအစားဖြစ်သည့်အပြင့် သယ်ဆောင်လာသော ခရီးသည် အလေးချိန်နှင့် တွယ်စီးကြသော ခရီးသည်တို့၏ အလေးချိန်ကြောင့် အမြဲလိုလို ညာဖက်ကို တစ်ခြမ်းစောင်းနေတတ်၏။ ပုံမှန်အချိန်ဆိုလျှင် ကားပေါ်မှလူများက သတိမထားမိပေမယ့် ယခုလို တံတားမျိုးပေါ်ရောက်သည့်အခါတွင် ထူးထူးခြားခြား သိသာလှသည်။

ပြည်ထောင်စုတံတား၏ အတက်သည် ဘယ်ကိုဝိုက်၍ တက်ရသော်လည်း အဆင်းသည် ညာဖက်ကိုဝိုက်၍ ဆင်းရသည်။ ထိုအခါ ညာဖက်ကို အလေးသာလေ့ရှိသည် ဗိုက်ပူကားကြီးသည် တံတား၏အဆင်းတွင် ဘယ်လိုမှ တည့်မတ်မနေနိုင်တော့ပေ။ စောင်းသထက်စောင်းကာ တုံးလုံးလဲကျတော့မတတ်ဖြစ်နေပါတော့၏။

''အရှိန်​လေး နည်းနည်းလျှော့ ဆရာရေ ၊ မီးပွိုင့်က နီတော့မယ်''

တံတား၏အဆုံးတွင် မီးပွိုင့်ကလည်း ရှိနေသည်ဖြစ်၍ စပယ်ယာဖြစ်သူထံမှ သတိပေးစကားသံထွက်ပေါ်လာ၏။ ထိုသည့်တိုင်အောင် ကား၏ အရှိန်သည် လျော့မသွားသေးသလို စောင်းနေသည့် ကားမှာလည်း စောင်းလျက်စောင်းမြဲသာ။

''အရှိန်လျှော့မယ် အရှိန်လျှော့မယ်​​နော်ဆရာရေ့ ၊ မီးက ဝါနေပြီ''

နောက်ထပ်တစ်ကြိမ်ထွက်ပေါ်လာသည့် သတိပေးစကားသံ၏ နောက်တွင်တော့ ကားအရှိန်သည် လျော့သွားရမည့်အစား ပို၍မြင့်တက်သွားပါတော့သည်။

''အမလေး ကယ်ကြပါဦး၊ ကားက မှောက်တော့မယ်ထင်တယ်''

''ဟေ့ကောင့် ရပ်တော့လေကွာ၊ ဒီမှာ အကုန်သေကုန်တော့မယ်''

A Story of 2000sWhere stories live. Discover now