ဆူးရိပျအတာ.. Part 1 to 3 ( ZawGyi)

110 2 0
                                    


ဆူးရိပ်အတာ

အပိုင်း၁။

မျက်ခြယ် စံအိမ်.....ခြံကျယ်ကြီးထဲ ခမ်းနားထည်ဝါစွာတည်ဆောက်ထားတဲ့ နှစ်ဆောင်ပြိုင်အိမ်ကြီးအတွင်း စိန်ပွဲစား ဒေါ်ဆုကလျာ ဧည့်ခန်းမှာထိုင်လျက် မြေးလေး ဆင်းအလာကို စောင့်နေသည်။ တစ်ဉီးတည်းသော မြေးလေးကို စာမေးပွဲကာလတစ်လျှောက်လုံး စောင့်ပြီး ကြိုပို့လုပ်ပေးနေခဲ့တာ ဒေါ်ဆုကလျာ မမောနိုင်။ မောရတာက သမီးနဲ့ သားမက်တို့ မြေးလေးအကြောင်းပြုပြီး ခဏခဏစကားများနေကြတာကိုပဲဖြစ်သည်။ အခုလည်း မြေးလေးက တော်တော်နဲ့ အိမ်အောက်ဆင်းမလာ စာမေးပွဲအချိန်က နီးနေပြီ။ မိချောင်းသားရေလက်ကိုင်အိတ်ထဲက ဖုန်းကိုထုတ်ပြီး မြေးလေးဆီ ဆက်လိုက်ရသည်။ "မြေးရေ.. အချိန်ကပ်နေပြီကွဲ့ ဆင်းလာတော့လေ။ မုန့်စားအုံးမှာမဟုတ်လား"ဆူးရိပ်ကို အဘွားရဲ့ ဖုန်းကို ပြန်မဖြေဘဲချပစ်လိုက်သည်။ ဟွန်း အဘွားက ဘာမှမသိဘူး။ ဆူးရိပ်ကို စာမေးပွဲတောင် သွားမဖြေချင်တော့။ အိမ်ပေါ်ထပ် ဧည့်ခန်းထဲမှာ ဖေဖေနဲ့ မေမေ စကားများနေကြပြန်ပြီလေ။ အကြောင်းရင်းက ဆူးရိပ်ကိုကြောင့်ပဲမဟုတ်လား။ ဧည့်ခန်းနဲ့ လှေကားထိပ်မှာ နံရံကိုကပ်ပြီး မိဘတွေစကားများနေတာကို မျက်ရည်တွေနဲ့ နားထောင်နေတဲ့ .. ဆူးရိပ်ကို 🌼🌼 ဆူးရိပ်ကို.. ကိုယ့်ကိုယ်ကို ဆူးလို့ ကနွဲ့ကလျ ဆိုတတ်တဲ့ ဆူးဆိုတာ သန်လျှင်မြို့ မျက်နှာဖုံး မြေပိုင်ရှင် စိန်ပွဲစားသူဌေးမကြီး ဒေါ်ဆုကလျာရဲ့ တစ်ဉီးတည်းသောမြေး။ ဆောက်လုပ်ရေးပစ္စည်းတင်သွင်းဖြန့်ချိတဲ့ ဆိုင်ပိုင်ရှင် ဉီးထက်မြက်နိုင် နဲ့ မျက်ချယ်စိန်ထည်တိုက်နဲ့ ရွှေပန်းတိမ်လုပ်ငန်းပိုင်ရှင် ဒေါ်ဆုမြတ်ချယ်တို့ရဲ့ တစ်ဉီးတည်းသောသား ပင်ဖြစ်သည်။ သူဌေးကြီး ဉီးထက်မြက်နိုင်နဲ့ စိန်ထည်တိုက်ပိုင်ရှင် ဒေါ်ဆုမြတ်ချယ် ဆိုရင် ချမ်းသာသလောက် အလှူအတါန်း ရက်ရောသည်ဆိုတဲ့ နာမည်ဂုဏ်သတင်းကလည်း လူတိုင်းလေးစားလောက်စရာ မွှေးပျံ့နေခဲ့တာ သန်လျင်မြို့လေးမှာ သူတို့မိသားစုကိုမသိတဲ့သူမရှိသလောက်ပင်။ မိဘအမွေကို လက်ထက်ပွားလုပ်ငန်းထပ်မံချဲ့ထွင်နိုင်တာကြောင့် ဆူးမိဘတွေရဲ့ အသိမိတ်ဆွေ နှင့် အလုပ်သမားများဆိုတာ တစ်မြို့လုံး အနှံ့အပြား၊ ဂုဏ်ဒြပ်နဲ့တောက်ပတဲ့ မိသားစုဆိုလျှင်လည်း မမှားပေ။ တစ်ဉီးတည်းသောသားလေးဖြစ်တဲ့အပြင် မြေးဉီးလေးဖြစ်တဲ့ ဆူးရိပ်ကို၊ အဘွားဖြစ်သူရဲ့ အလိုလိုက်အကြိုက်ဆောင်မှုများဖြင့် ဖူးဖူးမှုတ် ခံထားရခဲ့ရသူ။ ဆူးရိပ်ကိုဘဝမှာ ခက်ခဲပင်ပန်းချိန်ဆိုတာ အိမ်ကလှေကားကို အကြောင်းရင်းမရှိဘဲ အတက်အဆင်း၂ခါလုပ်ရတဲ့ အချိန်ပဲ ဖြစ်သည်။ မရှိ၊ မရ၊ ဆိုတဲ့ စကားတွေ မကြားဖူးလောက်အောင် ပြည့်စုံတဲ့ ဆူးရိပ်ကို တစ်ကယ်တော့ အထီးကျန်ဝေဒနာကို ခံစားနေရတဲ့ လူလည်းဖြစ်သည်။ ကျိကျိတက်ချမ်းသာတဲ့ မိသားစုမှပေါက်ဖွားလာသော တစ်ဉီးတည်းသောသားလေးမို့ အိမ်ပေါ်ထပ် အခန်းကျယ်ကြီးထဲမှာ တူရိယာပစ္စည်းများ ဂိမ်းစက်များ အားကစားပစ္စည်းများ ကွန်ပြူတာ ဆိုဒ်စုံ စသည်ဖြင့် ပြည့်စုံစွာ ရှိနေပြီး ဆူးအနားမှာ အထိန်းတော်နှစ်ယောက်နှင့် အဘွားအပြင် တစ်ခြားလူ မရှိ။ အထိန်းတော်အဖြစ် ဆူးငယ်စဉ်တည်းက အဘွားနဲ့ အမေ့စိတ်တိုင်းကျ ခန့်အပ်ထားတဲ့ နာစ်အန်တီယုနဲ့ ကစားဖော် မခင်ဝေတို့ ကသာ ဆူးအနားအချိန်ပြည့် ရှိကြတယ်ဆိုရင်မမှား။ အန်တီယုက ဆူးကို အဓိက ထိမ်းကြောင်းခဲ့ပေမယ့် မခင်ဝေကတော့ ဆူးနဲ့ ဘွားတို့ လက်တိုလက်တောင်း ခိုင်းဖတ် ဆူးကစားစရာတွေကို သိမ်းဖို့ အဖော် ဆူးအဝတ်အစားတွေကို လျှော်ဖွပ်ဖို့ အထူးတာဝန်ယူထားရသူဖြစ်သည်။ ပိုးလေးမွေးသလိုမွေးထားတာမို့လည်း ဆူးက အတော်အတန် ကနွဲ့ကလျ နိုင်သလို ဘာကိုမှလည်း အလေးမထားတတ်။ ဘယ်သူ့ကိုမှလည်း မလေးစား ဂရုလည်းမစိုက်တတ်။ လုပ်ချင်တာကို လုပ်သည် မလုပ်ချင်တာဆိုလျှင် ဘာကြီးဖြစ်နေနေ မလုပ်။ စိတ်ထင်သလိုနေခဲ့တာ။ လေးဒေါင့်စပ်စပ် မေးရိုး၊ ‌မေးစေ့ချွန်ချွန်၊ နုဖတ်နေတဲ့ ပါးစုံ့လေးတွေ၊ နီဆွေးထူအိတဲ့ နှုတ်ခမ်း၊ ဇင်ယော်တောင်မျက်ခုံးထူထူလေးအောက်က သပြုသီးမျက်လုံးမှေးမှေးလေးတွေ၊ ကော့ညွတ်နီရဲတဲ့ လက်ဖျားခြေဖျားလေးတွေ၊ နှဖူးပေါ် ခပ်ဝဲဝဲကျနေတဲ့ ခပ်ပြေပြေလှိုင်းတွန့်လေးတွေနဲ့ အိညက်တဲ့ဆံနွယ်၊ ၅ ပေ ၈ လက်မ ရှည်တဲ့ အရပ်မှာမှ နေပူစူးစူးတောင် မထိဖူးဘူး ထင်ရလောက်အောင် ဝင်းအိစိုပြည်တဲ့ အသားအရည်တို့ကို ပိုင်ဆိုင်ထားတဲ့ ဆူးက မိဘနှစ်ပါးရဲ့ ချောမောမှုကို အမွေရထားတဲ့အလား ယျောက်ျားလေးတစ်ယောက်မှာရှိသင့်တဲ့ အလှအပထက် ပိုမိုသောချောမောလှပခြင်းကို ပိုင်ဆိုင်ထားတာပင်။ ဆူးရဲ့ အိစက်ဝင်းမွတ်တဲ့ အသားအရည်ကို ကျောင်းကကျောင်းသူတွေတောင် အားကျရသည်အထိ နုဖတ်နေတာမို့ ဆူးမာနက ပိုလို့တောင် ထောင်လွှားခဲ့သေးသည်။ နုရွအောင်နေတတ်တဲ့ဆူးက လူတစ်မျိုး၊ လိုချင်တာမှန်သမျှ ရနေပေမယ့် မရနိုင်တာကို ပိုလိုချင်တတ်သူပင်။ ဆူးအတွက် မည်သည့်ပစ္စည်းကမှ တန်ဘိုးမရှိ။ လက်ညှိုးထိုးတာမှန်သမျှ ရနေခဲ့လို့ထင်သည် ဆူးပိုင်ဆိုင်တဲ့ပစ္စည်းတွေကို သူများကိုပေးပစ်ဖို့လည်း မတွန့်တိုတတ်။ ဆူးကျောင်းအင်္ကျီတွေဆိုလျှင် တစ်လတစ်ခါ အသစ်လဲပစ်တာ။ နဲနဲနွမ်းတာနဲ့ မဝတ်ချင်တော့။ လိုတရ ဘဝမှာမှ ဆူးအတွက် အဖော်ဆိုတာ အခန်းထဲမှာဝယ်ထည့်ထားတဲ့ ဂိမ်းစက်မျိုးစုံ တူရိယာမျိုးစုံ ကာတွန်းအခွေမျိုးစုံ ကွန်ပြူတာ မျိုးစုံတို့ အပြင် တခြားအရာမရှိ။ ဆူးမကြိုက်တာကတစ်ခုတည်း ဆူးပစ္စည်းတွေကို သူများယူကိုင်တာ မကြိုက်၊ သူများပစ္စည်းတွေကို ဆူးကိုပေးတာလည်း မကြိုက်။ အလိုလိုက်အကြိုက်ဆောင်ခံထားရတဲ့ ဆူးရဲ့ တစ်ကိုယ်ကောင်းဆန်တတ်တဲ့အကျင့်တွေကြောင့် ကျောင်းမှာလည်း သူငယ်ချင်းမရှိ။ ဒါ့အပြင်ငယ်စဉ်တည်းက အတူနေခဲ့ရတဲ့ အထိမ်းတော် အန်တီယု နဲ့ မခင်ဝေ တို့ ကြား ကြီးပြင်းခဲ့ရလို့ပဲလား ဆူးရဲ့ဗီဇပဲလားတော့မသိ။ ဆူးရဲ့ စိတ်ဝင်စားမှုက ထူးဆန်းလာခဲ့တာ 8 တန်းနှစ် လူပျိုဖော်ဝင်ချိန်မှာ ပိုသိသာလာခဲ့သည်။ ဖေဖေ့မိတ်ဆွေ ဉီးဝင်းထင်ရဲ့သား ဆူးထက် တစ်နှစ်ကြီးပြီး တစ်တန်းကြီးတဲ့ လူပုံချောချောအသားညိုညိုနဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ကိုဗညားဝင်းထင်ကို ပိုးပန်းနေတဲ့မိန်းကလေးတွေနဲ့အပြိုင် ဂရုစိုက်ခံချင်လာတာပဲဖြစ်သည်။ အစပိုင်းတော့ ဆူးကို အခြောက်လေးဆိုပြီး ကိုဗညားက ဂရုမစိုက်ပေမယ့် ဆူးအကျင့်အတိုင်း ကိုဗညားကို တန်ဘိုးကြီးလက်ဆောင်တွေပေးပြီး ဆူးကိုဂရုစိုက်လာအောင် ပံ့ပိုးနေခဲ့တာ ၈တန်း တစ်နှစ်လုံး။ လက်ဆောင်တွေ မထပ်ရအောင် ရနေတဲ့ ကိုဗညားက သူ့အနားဝိုင်းဝိုင်းလည်နေတဲ့ မိန်းကလေးတွေကို ကျော်ကာ ဆူးကို မျက်နှာသာပေး ဂရုစိုက်လာခဲ့တာကိုပဲ ဆူးပျော်စရာထင်နေခဲ့သည်။ 8တန်းအောင်လို့ 9 တန်း တက်သည့်နှစ် ဆူးဖေဖေ မသိခင်အထိ ဆူးနဲ့ ဆယ်တန်းကျောင်းသား ကိုဗညားတို့က သူငယ်ချင်းလိုလို ဘာလိုလိုနဲ့ ဆူးရဲ့ မုန့်ဖိုးတွေကလည်း ကိုဗညားကို ပံ့ပိုးတဲ့ လက်ဆောင်တွေတစ်ဖြစ်လဲကုန်ကြတာပင်။ ဘွားဘွားနဲ့ အန်တီယုတို့က ပထမတော့ ဆူးကိုတားကြပေမယ့် ခေါင်းမာလှတဲ့ဆူးကို မနိုင်တာနဲ့ပဲ ဆူးစိတ်ချမ်းသာရင်ပြီးရော ဘာလုပ်လုပ်အားပေးကြတော့တာ။ ကိုးတန်းစာမေးပွဲဖြေခါနီး ဖေဖေ့ကို ကိုဗညားအဖေ ဉီးဝင်းထင်က သူ့သားကို ဆူးပံ့ပိုးပေးနေတဲ့ လက်ဆောင်တွေအကြောင်း မကြွားခင်အထိ ဆူးလုပ်ရပ်ကို ဖေဖေရော မေမေရော မသိကြ။ ဉီးဝင်းထင်က သူ့သား ကိုဆူးက ပိုကြေးပန်းကြေး တန်ဘိုးကြီးလက်ဆောင်တွေပေးနေပါတယ်လို့ လူပုံအလယ်မှာ ဂုဏ်ဖော်ခံလိုက်ရတာ ရှက်လှတယ်ဆိုပြီး လေသံမာ‌မာတောင် မပြောဖူးတဲ့ဖေဖေက တအား အော်ဆူကာ ဆူးကိုရိုက်ဖို့အထိတောင် လုပ်ခဲ့ပေမယ့် ဘွားဘွား ဝင်တားလို့ သာ ဆူးသက်သာခဲ့ရတာ။ ဆူးကိုအကြောင်းပြုပြီး မျက်နှာချင်းဆုံတိုင်း ဖေဖေနဲ့မေမေ တစ်ကျက်ကျက် ခဏခဏရန်ဖြစ်ကြသလို ဖေဖေက တစ်သက်လုံးရိုသေလာခဲ့တဲ့ ယောက္ခမဖြစ်သူသူ ဘွားဘွားကိုပါ အော်ဆူပစ်တဲ့ ‌အခြေအနေတွေ အထိဖြစ်လာခဲ့ရသည်။ အန်တီယုနဲ့ မခင်ဝေတို့ ကို လည်း တစ်ကြိမ်းတည်းကြိမ်းနေတဲ့ ဖေဖေ့ကို ဆူး မုန်းမိသည်။ ဆူးကိုပေးတဲ့မုန့်ဖိုးရော အလိုလိုက်မှုတွေကိုရော ဖေဖေကိုယ်တိုင် ချုပ်ချယ်ပစ်တာမို့ ဆူး အတော်အတန် ဆင်းရဲသွားခဲ့ရပေမယ့် ကိုဗညားကိုတော့ စိတ်မနာနိုင်ခဲ့။ ကိုဗညားရဲ့ အပျော့ဆွဲချော့မော့မှုလေးတွေကြောင့် အကန့်အသတ်နဲ့ပဲရတဲ့ ဆူးရဲ့မုန့်ဖိုးလေးတွေက တန်ဘိုးသိပ်မကြီးပေမယ့် ကိုဗညားတို့အတွက်တော့ အဘိုးတန်နေဆဲဖြစ်တဲ့ လက်ဆောင်ပစ္စည်းတွေအဖြစ် ပြောင်းလဲသွားရစမြဲ။ ဆူးသူ့ကို ကြိုက်လို့လား ဒါမှမဟုတ် လုပ်ချင်တာလုပ်တတ်လို့ ပေးတာမျိုးပဲလားတော့ ကိုယ့်ကိုယ်ကိုယ်တောင် မသိတော့။ ဆူးမာနကိုက အဲ့လိုမျိုး။ အလုပ်ကနေ အိမ်ပြန်လာတိုင်း ရန်ဖြစ်တတ်တဲ့ ဖေဖေနဲ့မေမေကို ဆူး တော်ပါတော့လို့ ဖြန်ဖြေချင်ပေမယ့် တိတ်တိတ်ကြိတ် ငိုမိတာကလွဲရင် ဆူး ဘာမှမလုပ်တတ်ပါ။ "သားအတွက် မင်းအချိန်ပေးဖို့လိုတယ် ဆုမြတ်.. မင်းအလုပ်တွေကိုပဲ ဂရုစိုက်နေမှာလား""ကျွန်မမှာပဲ အပြစ်ရှိနေတာလားကိုထက်။ ရှင့်သားလေ။ ရှင့်မှာလည်းတာဝန်ရှိတယ်။"အစချီတဲ့ ဖေဖေတို့ရဲ့ ရန်စကားတွေက ဆူးကို မွန်းကျပ်စေတာအမှန်။ ဆူးမှာ ဘာအပြစ်တွေရှိနေလဲ ဆိုတဲ့အတွေးက အချိန်တိုင်းစိုးမိုးနေခဲ့တာမို့ အခန်းတံခါးပိတ်ပြီး ငိုခဲ့ရတဲ့နေ့တွေများလှပြီ။ ဒီနေ့ စာမေးပွဲနောက်ဆုံးနေ့အထိ ဆူးကိုအကြောင်းပြုပြီး ဖေဖေနဲ့မေမေ စကားများနေရပြန်ပြီ။ "မဟုတ်သေးပါဘူး ဆုမြတ်ရယ်။ သားလေးအခုလိုတွေရှောက်လုပ်နေတာ ဘာကြောင့်လဲဆိုတဲ့ အဖြေကို ကိုယ်တို့ရှာရမှာ.. ကိုယ်ကတော့ သားလေးကို မဟုတ်မဟတ်တွေ အဖြစ်မခံနိုင်ဘူး""ကိုထက်။ သားကတစ်ဉီးတည်းသောသားလေးမို့လို့ အဖော်ရှာနေတာ ဒါကို ကျွန်မတို့က နားလည်ပေးရမယ်လေ။ နောက်ပြီး သားကို မေမေက လုံးဝစောင့်ရှောက်ထားတယ်။ သားလေးဖို့ အဖော်ထပ်ရှာပေးမယ်။ ကျွန်မ သားကိုဂရုမစိုက်တာမဟုတ်ဘူး။ ကျွန်မတို့မှာ နောက်ကစားမယ့်ပါးစပ်ပေါက်တွေရှိသေးတယ်လေ။"ဆူးရိပ်ကို အဘွားဆီက ဖုန်းသံကြောင့် အောက်ထပ်ကိုဆင်းလာပြီး ကားပေါ်တစ်ခါတည်းတက်ထိုင်လိုက်တော့သည်။ဧည့်ခန်းက ဘွားဘွားကတော့ မကြည်မသာပုံနဲ့ ကားပေါ်တက်သွားတဲ့ ဆူးနောက်ပြေးလိုက်လာရင်း အန်တီယုကိုလှမ်းမှာရတော့သည်။"ထားယုရေ မုန့်ထည့်ယူခဲ့တော့ဟေ့ ဆူးလေး ကားပေါ်‌ရောက်နေပြီ သွားကြမယ်"မကျေမနပ်နဲ့ သက်ပြင်းချရင်း မျက်နှာပုပ်သိုးနေတဲ့ ခင်ပွန်းသည်ကို ဒေါ်ဆုမြတ်ချယ် လေ‌ပြေအေးနဲ့ပဲ နှစ်သိမ့်လိုက်ရသည်။၊ "ကဲ ကိုထိုက် ကျွန်မသွားမယ်။ စိန်ပွဲစားတွေ ဆိုင်မှာစောင့်နေလိမ့်မယ်။ ဒီကိစ္စ နောက်ကျမှ ဆွေးနွေးမယ်"ပြောပြောဆိုဆို အိမ်အောက်ထပ်ဆင်းလာခဲ့တဲ့ ဒေါ်ဆုမြတ်ချယ် ကားမောင်းထွက်ခဲ့ပြီးမှ ဆေးမသောက်ခဲ့ရတာကိုသတိရတော့သည်။ မတတ်နိုင်။ မျက်ချယ် စိန်ရွှေရတနာဆိုင်ကြီးနဲ့ ရွှေပန်းထိမ်လုပ်ငန်းကို ဉီးစီးပြီး ဝန်ထမ်းများစွာကို ရှာကျွေးနေရတာ မလွယ်ပါ။ စိန်ပွဲစားများဆိုတာကလည်း သစ္စာရှိတဲ့လူက ခပ်ရှားရှား။ ဒါကြောင့်လည်း အောင်မြင်နေတဲ့လုပ်ငန်းကို အာရုံစိုက်ပြီး အမှားအယွင်းနည်းပါးအောင် လုပ်ကိုင်နေရတာ။ ဒီတစ်ခေါက် ပစ္စည်းတွေ စစ်ပြီးလို့ ဆိုင်ပေါ်တင်ပြီးရင်တော့ ကိုထိုက်ပြောသလို သားလေးအတွက် အချိန်ပေးပြီးအဖြေရှာရမည်။ သားလေးစိတ်ပါဝင်စားတာကို မသိတဲ့အမေတော့အဖြစ်မခံချင်ပါ။ ဆယ်တန်းနှစ်အတွက် သားကိုအကောင်းဆုံးကျူရှင်ကိုပို့ပြီး နှစ်ချင်းပေါက်အောင်စေဖို့ ကြိုးစားရမယ်လို့တွေးဆဲမှာပဲ ရင်ဘတ်ထဲက မခံနိုင်အောင် အောင့်လာတော့သည်။ ဆိုင်ရောက်မှ ဆိုင်မှာအရံထားတဲ့ဆေးကိုသောက်ရတော့မှာမို့ ရှေ့ကမီးပွိုင့်မီးနီကိုလွတ်ဖို့ ဒေါ်ဆုမြတ်ချယ် အားတင်းပြီးကားကိုအရှိန်နဲနဲ မြှင့်လိုက်မိတော့သည်။ ************သာကေတမြို့နယ် ၇ ရပ်ကွက်ထဲရှိ လူလတ်တန်းစားအိမ်လေးတွေ စီရီ‌ဆောက်ထားတဲ့ ဒီလမ်းလေးထဲ စာအော်ကျက်သံလေးတွေက လွှမ်းခြုံထားသည်။ ဒီနေ့က အခြေခံပညာကျောင်းသားတွေရဲ့ စာမေးပွဲနောက်ဆုံးနေ့။ ကိုရည်မွန် အလုပ်ခန်းထဲက အပ်ထည်တွေဖြစ်တဲ့ ရွှေထည်ပစ္စည်းမျိုးစုံကို အပ်နှံတဲ့ဆိုင်အလိုက် ဗူးလေးတွေနဲ့ ထည့်ကာ ဘေးလွယ်အိတ်လေးထဲ စီရီထည့်လိုက်သည်။ ဒီနေ့အပ်ထည်တွေကို ဆိုင်တွေမှာပြန်ပို့ပြီးလက်ခစားအတွက် ငွေရတာနဲ့ ဇနီးသည် မခင်မလတ်အတွက် ဆေးဝယ်ရမည်။ ပိုငွေတွေကိုတော့ ဒီနှစ် ၇တန်းဖြေတဲ့ဖြေတဲ့ သားလေးအတာကို နွေကျောင်းပိတ်ရက်လေးမှာ ၈ တန်းကျူရှင်ကြိုပေးဖို့ သုံးရမှာဖြစ်သည်။ သားအတာလေးကတော့ သူ့အမေခြေရင်းလေးမှာ စာအော်ကျက်နေရင်း အမေ့ခြေထောက်တွေကို နှိပ်နယ်ပေးနေလေပြီ။ လိမ်မာပြီးစာတော်လှတဲ့သားလေးအတွက် ကိုရည်မွန် ကြိုးစားရှာဖွေနေပေမယ့် ဉီးဏှောက်ထဲမှာ အကြိတ်တည်လို့ ကိုယ်တစ်ခြမ်းလေဖြတ်သလို မသန်ရှာတဲ့ဇနီးရဲ့ ဆေးဖိုးက ပိုဝန်ပိနေစေတာမို့ ကိုရည်မွန် မနားရဲ။ ဟိုအရင်ကတော့ အန်တီလတ် စတိုးဆိုင် ဆိုပြီး နာမည်အတော်အတန်ရတဲ့ ဆိုင်လေးနဲ့ မိသားစုတွေ ဝင်ငွေနှစ်လမ်းရတာမို့ ချောင်လည်တဲ့အပြင် ပိုလျှံခဲ့သေးတာပင်။ သားလေး လေးတန်းနှစ်ကတည်းက မခင်မလတ် လေဖြတ်သွားလို့ ဆိုင်လည်းပြုတ်သလို ဆေးဖိုးလည်း ပိုလာလို့ ကိုရည်မွန်တစ်ယောက်အားနဲ့ မိသားစုဝန်ကိုထိမ်းထားရတာဖြစ်သည်။ "အကိုရေ.. ဒီနေ့ပစ္စည်းတွေက တန်ဖိုးများတယ်နော် သေချာဂရုစိုက်သွားအုံး""အင်းပါ လတ်ရယ် အကို လုပ်နေကျအလုပ်တွေပါ။ ဒီတစ်ခေါက်အော်ဒါတွေများတော့ အကိုက ဝမ်းသာနေတာလတ်ရဲ့။ နောက်နှစ် သား 8 တန်းအတွက် ကျူရှင်ကြိုပေးထားလို့ရပြီ။ သားလေးက တော်တော့ ဂုဏ်ထူးအများကြီးပါအောင်နဲ့ ဆယ်တန်းအတွက် အခြေခံကောင်းအောင် ကျူရှင်ကောင်းကောင်းထားပေးရမယ်""အကိုကြီးသက်ဆွေအတွက် အလှူလေးလည်း သေချာလုပ်ပေးရမှာပေါ့အကို"မကျန်းမာတဲ့ဇနီးသည်စိတ်ပူလောက်အောင်ကိုပဲ ဒီနေ့ ကိုရည်မွန်ယူသွားမယ့်ရွှေထည်တွေက သိန်းရာချီချီတန်ဘိုးရှိသည်။ ဇနီးသည်က သူ့ကိုသာမက လွန်ခဲ့တဲ့ လေးနှစ်ခန့်က သင်္ဘောပေါ်က ပြုတ်ကျပြီး ပျောက်ဆုံးသွားခဲ့တဲ့ ကိုရည်မွန်ရဲ့အကိုအရင်း နိုင်ငံခြားသင်္ဘောသား ကိုသက်ဆွေအတွက်ကိုပါ တွေးနေတာမို့ ကိုရည်မွန်လည်း ရည်ရွယ်ထားတာကို ပြောလိုက်ရသည်။ "ဟုတ်တယ်လတ်ရယ်။ သားလေး အဖေတို့ သားစာမေးပွဲပြီးရင် အဖေ့ဇာတိမှာ သားဘဘအတွက် အလှူလုပ်ရင်း အလည်သွားကြမယ်လေနော်။ ဒီနေ့ စာမေးပွဲနောက်ဆုံးနေ့မဟုတ်လား။ သေချာဖြေခဲ့နော်သား။ ညနေကျရင် အဖေ ခေါက်ဆွဲကြော် ဝယ်ခဲ့မယ် သားစာမေးပွဲအပြီးအောင်ပွဲပေါ့ ဟုတ်လား။""ဟုတ်အဖေ။ ဒါဆိုသားညနေထမင်းမချက်ထားဘူးနော်။ အမေ..သားလည်းသွားတော့မယ်။ ဒေါ်လေးက စာမေးပွဲမစခင် လာတွေ့ဖို့မှာထားလို့။ သား အမေ့ကိုကန်တော့ပါတယ်""စာမေးပွဲကို အာရုံစိုက်ဖြေနော်သား"ကိုရည်မွန် သားလေးခေါင်းကို ပွတ်ကာ အားပေးလိုက်ပြီး လမ်းမဘက်ထွက်လာချိန်မှာတော့ သားက ဆန့်ကျင်ဘက်အရပ်က ကျောင်းဆီ လှမ်းလျှောက်သွားလေသည်။ သားလေးရဲ့ ကျောပြင်ကို ငေးရင်း သားလေးစာမေးပွဲဖြေနိုင်ပါစေလို့ဆုတောင်းလိုက်ပြီး ရပ်ကွက်လမ်းသွယ်လေးကထွက်ကာ ကားလမ်းမကြီးပေါ် ကိုရည်မွန်တက်လာခဲ့ကာ ပထမဆုံးတွေ့တဲ့ ဘတ်စ်ကားပေါ် တက်လာခဲ့သည်။ ပန်းဆိုးတန်းက ရွှေဆိုင်နှစ်ဆိုင်ကို အထည်တွေအပ်ပြီး လက်ခရလာခဲ့တာမို့ ကိုရည်မွန် နောက်ဆုံးရွှေဆိုင်ကိုဝင်ဖို့ ကားလမ်းကူးရန် မီးပွိုင့်နံဘေး ပလက်ဖောင်းပေါ်မှာ ရပ်စောင့်နေလိုက်တော့သည်။ *********ကားစတီယာရင်ကိုကိုင်ထားတဲ့ ဒေါ်ဆုမြတ်ချယ်ရဲ့ လက်များက ချွေးစေးများထွက်လာသည်အထိ ရင်ဘတ်က အောင့်တဲ့ ဝေဒနာကို ခံစားနေရသည်။ ရုတ်တရက်မျက်လုံးများပြာလာတာမို့ မဖြစ်မနေ ကားကိုရပ်ဖို့ ကြိုးစားစဉ်မှာပဲ မီးပွိုင့်နီနေတဲ့ ဧရိယာကိုကျော်တော့မှာမို့ ကယောင်ကတမ်းနဲ့ လမ်းဘေးဆွဲချလိုက်မိတာ ပလက်ဖောင်းပေါ်ရပ်နေတဲ့ လူတစ်ယောက်ကို တိတိကျကျ တိုက်မိလိုက်တော့သည်။"ဒိန်း.."ကျယ်လောင်တဲ့ ကားတိုက်သံနဲ့ မလှပတဲ့မြင်ကွင်းကြောင့် အနီးအပါးရှိလူများ ဝိုင်းအုံလာကြတော့သည်။ "သေပြီထင်တယ် ခေါင်းကကြေသွားတာ..""မလှုပ်တော့ဘူး တက်ဖိထားတာကိုးကွ။ သေပြီ""သေပြီ..."ဒေါ်ဆုမြတ်ချယ် ကားတံခါးကိုဖွင့်ပြီး ထွက်ဖို့ပြင်လိုက်စဉ်မှာပဲ အပြင်က လူတွေပြောသံကြားမိတာနဲ့ နှလုံးတစ်ခုလုံး ပေါက်ကွဲထွက်သွားတဲ့အတိုင်း နာကျင်တာကိုပဲ ခံစားလိုက်ရပြီးနောက် ဒေါ်ဆုမြတ်ချယ် ကားမောင်းသူထိုင်ခုံမှာထိုင်လျက်ပဲ လောကကြီးကို တစ်ခါတည်း နှုတ်ဆက်ထွက်ခွာသွားလေတော့သည်။ *********စာမေးပွဲပြီးပြီ... ဖြေနိုင်တာမို့လည်း ဆူး ပျော်သည်။ ဆယ်တန်းကျောင်းသား ကိုဗညားက ကျောင်းရှေ့မှာလာစောင့်ပြီး ဆူးကို အားပေးနေတာမို့လည်း ဆူးပိုမာန်တက်နေမိသည်။ ဟိုမိန်းကလေးတွေ ဆူးကိုမနာလိုတဲ့အကြည့်တွေနဲ့ကြည့်နေတာ သိပ်အရသာရှိတာပဲကိုး။ ဘွားက ခပ်တည်တည်ကြီးလုပ်နေလို့သာ .. ဆူးရုပ်မပျက်စေဘဲ ကိုဗညားကိုနှုတ်ဆက်ပြီး ကားပေါ်ပြန်လိုက်လာခဲ့ရတာ။ အန်တီယုက ငိုလို့.. ဘွားကတော့ မျက်နှာကြီးတင်းထားပြီး အံလည်းကြိတ်ထားသေးသည်။ အဲ့ဒီနေ့ ဆူး စာမေးပွဲပြီးလို့ ပျော်လာတဲ့ အပျော်လေးကို တစ်အိမ်လုံးကျွက်ကျွက်ဆူအောင် ငိုယိုနေကြတဲ့အသံက ဖျက်စီးလိုက်ပြီးကတည်းက ဆူး မပျော်တတ်တော့တာပါ။ ငယ်ငယ်တည်းက မိုးခြုန်းလို့ ကြောက်မိရင် ပြေးဝင်ချင်တဲ့ ရင်ခွင်ကို တစ်နေ့တော့ ဝင်ခွင့်ရမယ်လို့ ဆူးယုံထားခဲ့တာ။ ဆူးခေါင်းကိုပွတ်သပ်ပြီး အိပ်ပါတော့ကွယ် လို့ ချော့သိပ်တဲ့ အန်တီယုနေရာမှာ တစ်နေ့တော့ မေမေဖြစ်လာလိမ့်မယ်လို့ ဆူးမျှော်လင့်ခဲ့တာ။ သားကိုဖေဖေဆူနေတယ်လို့ ပြေးပုန်းချင်တဲ့ နောက်ကျောလေးက အခု ဆူးကို တစ်ကယ်ပဲ ကျောခိုင်းသွားခဲ့လေပြီ။ မေမေဆုံးပြီးကတည်းက ဆူးဘာကိုမှ မလိုချင်တော့။ ဘာမှလည်း မဖြစ်ချင်တော့။ ဘယ်သူ့ကိုမှလည်း မတွေ့ချင်တော့။ ဖေဖေ့ရဲ့ ကြင်နာမှုတွေက ဆူးအတွက် သုံးပတ်လောက်ပဲ စီးဆင်းလာပြီး မေမေ့အလုပ်ကိုပါ ဆက်ခံလိုက်ရတဲ့ဖေဖေ့ကို အခုဆို အိမ်မှာမျက်နှာချင်းဆိုင်ဖို့တောင် ခက်သွားတော့သည်။ ဘွားနဲ့ အန်တီယုတို့ရဲ့ ထုံးစံအတိုင်း စောင့်ရှောက်မှုတွေကြားထဲ စိတ်လေနေတဲ့ ဆူး ဆယ်တန်းကိုတော့ သုံးနှစ်ဆက်တိုက် ကျ တော့တာပင်။ လူပျိုဖော်ဝင်လာတဲ့ ဆူးက စာထက် ကလပ်တက်ရတာ သူငယ်ချင်းတွေနဲ့ ကားပြိုင်မောင်းရတာ.. လိုတာမလိုတာအပထား တက္ကသိုလ်ကျောင်းသား ကိုဗညားနှင့်အတူ တစ်ပါတ် နှစ်ခါလောက် ဈေးပတ်ဝယ်ရတာလောက်ပဲ စိတ်ဝင်စားတော့တာ။ ကျူရှင်လည်း မသွား။ ကျောင်းလည်းပုံမှန်မတက်တော့ဘဲ ဘွားကိုအတင်းပူဆာထားတဲ့ ပြိုင်ကားလေးနဲ့ ပတ်မွှေနေခဲ့တော့သည်။ သုံးနှစ်မြောက် ဆယ်တန်းတက်ရတဲ့ ဒီနှစ်မှာ ဆူးကို ဖေဖေက နာမည်ကြီးဘော်ဒါမှာထားပေးပေမယ့် ဆူးကတော့ အဆောင်ကလစ်ထွက်ပြီး ကိုဗညားနဲ့ လည်မြဲ မွှေမြဲ။ ဆရာမတွေက ဖေဖေ့ကိုတိုင် ဖေဖေက ဆူးကို ဆူ တစ်ခါ ဆူးကို ဘော်ဒါပြန်ပို့တော့ ဆရာမတွေက ဆူးကိုညိုညင် ဆူးက ညိုညင်နေတာတွေ အမြင်ကတ်လို့ ထပ်ခိုးထွက် နဲ့ ဂျာအေးသူ့အမေရိုက်နေတာမို့ ဖေဖေက အနီးကပ်ဂိုက်နဲ့ပဲ စာကျက်ခိုင်းရတဲ့အထိ ဆူးကိုထိမ်းကြောင်းရခက်ခဲတော့တာပင်။ဒါ့အပြင် ဒီနှစ်မှာဆူးလုပ်တတ်လာတာက ချိန်းရိုက်တာပဲဖြစ်သည်။ ကိုဗညား ခေါ်သွားပြီးမိတ်ဆက်ပေးတဲ့ ကားပြိုင်ကွင်းမှာ ဆူးကိုကျောပြီး ဖင်ခေါင်းကျယ်တတ်လို့ ဆူးသိပ်ကြည့်မရတဲ့ ခပ်စွာစွာကောင်ဆိုလျှင် ဆူးက ရန်စပြီး ချိန်းရိုက်ပွဲဖြစ်အောင် ဖန်တီးယူသည်။ ဆူးပေးကမ်းထားတဲ့ နောက်လိုက်တွေက ဆူးနဲ့အတူ ရန်ပွဲကိုလိုက်ကြပေမယ့် တစ်ကယ်တန်းပွဲဖြစ်တော့ ဆူးတစ်ယောက်တည်း ခံရတော့သည်။ ကိုဗညားကား ထိုအချိန်တွေဆိုလျှင် မပေါ်လာတော့။ ရိုက်ပွဲဖြစ်ပြီးတိုင်း ဆူးက ပိုက်ဆံနှင့် ရှင်းပစ်လိုက်တာမို့ ဖေဖေတို့ မသိကြ။ ဆူးကကြည့်ရိုက်ရတဲ့ပွဲကရှားသည်။ ဆူးအရိုက်ခံရတဲ့ အခေါက်တွေဆိုလျှင် ဘွားဘွားက ဖေဖေမသိအောင် ကြိတ်ပြီး ဆေးကုပေးတတ်သည်။ စာကိုလုံးဝမကျက်တော့ဘဲ ဂိုက်ကို သူ့ဘာသာ အလုပ်ထွက်သွားအောင် ဖိအားပေးပြီး ကိုဗညားချိန်းတဲ့ ကားပြိုင်ပွဲ၊ ကလပ်၊ ဘား၊ ပျော်ပွဲစား စတာတွေနောက်ကိုသာ ဆူးလိုက်နေမိတော့သည်။ ကားပြိုင်ကွင်းထဲ ဆူး ပြိုင်ကားအသစ်လေး ကြွားဖို့သွားတဲ့ ဒီနောက်ဆုံးတစ်ခေါက်မှာ ကိုဗညားနားကပ်နေတဲ့ တက်စမ်းလူဆိုတဲ့ အခြောက်တစ်ကောင်ကို ဆူးအတော် မြင်ပြင်းကတ်ခဲ့တာ။ အဲ့ကောင်ကလည်း တက်စမ်းလူ ဆိုတဲ့နာမည်နဲ့လိုက်စွာ စီးပိုးလွန်းသည်။ ထိုနေ့ကဆူး တမင်တကာ တက်စမ်းလူရဲ့ ပြိုင်ကားကို ပိန်ရှုံ့သွားအောင် တိုက်ပစ်လိုက်တာမို့ ချိန်းပွဲတစ်ခု အစပြုခဲ့တာပင်။ တက်စမ်းလူတို့နဲ့ ချိန်းရိုက်ပွဲမှာ ကိုဗညားတစ်ယောက် မယောင်မလည်ပုံစံနဲ့ ပါလာခဲ့ပေမယ့် တစ်ကယ်တန်း ဆူးအရိုက်ခံနေရတော့ ဆူးဘက်က မရှိ။ အရင်ဆုံး ပြန်ပြေးသွားခဲ့တဲ့ ကိုဗညားကို စိတ်မနာနိုင်။ ရိုက်ပွဲသတင်းကြားလို့ လာဖမ်းတဲ့ ရဲတွေနောက် သူတို့အားလုံး ပါသွားကြတော့မှ ဒဏ်ရာကိုယ်စီနဲ့ ငြိမ်သွားရတော့တာ။ ဒါလည်းဆူးကမမှတ်။ ဆူးဘာရည်ရွယ်ချက်နဲ့ ဒါတွေလုပ်နေတာလဲဆိုတာ ကိုယ့်ဘာသာလည်း မသိ။ အရိုက်ခံရတာ ပျော်တောင် ပျော်နေသလိုပင်။ နွဲ့စိပျော့ဖတ်တဲ့ ကိုယ်ခန္ဓာနဲ့ ရထားတဲ့ဒဏ်ရာ မလိုက်ဖက်စွာဘဲ အချုပ်ခန်းထဲထိုင်နေတဲ့ ဆူးကို ဖေဖေကိုယ်တိုင် လာထုတ်ပေးပြီးနောက်တော့ ဆူးဘဝတစ်ဆစ်ချိုးဖို့ ဖန်လာတော့တာပဲဖြစ်သည်။ *******************မင်းအတာမွန်.. မျက်စေ့အောက်မှာ.. သွေးစွန်းနေတဲ့ အဝတ်အဖြူအောက် လဲလျှောင်းနေသူက မနက်ကမှ အတာ့ခေါင်းကိုပွတ်ကာ နှုတ်ဆက်သွားလေသူ။ ပြန်လာရင် ခေါက်ဆွဲကြော်ဝယ်လာခဲ့မယ်ဆို အဖေ။ အခု သူချစ်တဲ့မိသားစုဆီ ပြန်မလာနိုင်တော့လေပြီ။ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနအပြင်ဘက် ရုပ်အလောင်းတွေထားတဲ့နေရာလေးမှာ အတာတစ်ယောက်.. တွေငေးနေမိသည်။ ကားတိုက်မှုဖြစ်တဲ့နေရာမှာ ကျန်နေခဲ့တဲ့ အဖေ့ဖိနပ်လေးတစ်ဘက်၊ မှန်ကွဲနေတဲ့ ဖုန်းကလေးနဲ့ အိတ်ကပ်ထဲက အကြွေတစ်ချို့ကို လက်မှာကိုင်ထားရင်း အဖေက ပြန်မလာနိုင်တော့ဘူး ဆိုတာကို လက်ခံနိုင်ဖို့ အတာ အရမ်းကြိုးစားနေရသည်။ စာမေးပွဲတောင် ဖြေလို့မပြီးသေး.. အဒေါ်လုပ်သူ ဆရာမ ဒေါ်မြင့်ရီက မျက်ရည်လည်ရွဲနဲ့လာခေါ်လို့ အတာကြောင်တောင်တောင် လိုက်လာခဲ့ရတာ။ ‌ဆေးရုံကြီး သံကုတင်ထက်က သွေးသံရဲရဲနဲ့လူကို အဖေလို့.. အတာ မယုံချင်ခဲ့။ ရဲတွေကတော့ အဖေ့ကို တိုက်သတ်လိုက်တဲ့ ကားမောင်းသူရဲ့ မိသားစုဝင်နဲ့ စကားတွေပြောနေကြသည်။ အဖေ့ကိုတိုက်တဲ့ ကားမောင်းသူကလည်း နှလုံးရှောခ့်ရကာ တစ်ပြိုင်နက်ဆုံးပါးတာကြောင့် တစ်ဘက်ခြမ်းမှာသူတို့လည်း ရုပ်အ‌လောင်းတစ်ခုနဲ့ ပူဆွေးနေကြတာမို့ အဒေါ်နဲ့ အတာတို့တူအရီးနှစ်ယောက် အဖေ့ရုပ်အလောင်းအနားထားကာ ဘာဆက်လုပ်ရမှန်းမသိခဲ့ကြပေ။ တိုက်တဲ့ ကားမောင်းသူရဲ့ မိသားစုဝင်ဖြစ်တဲ့ ရုပ်ရည်သန့်ပြန့်တဲ့ လူကြီးတစ်ဉီးက အတာတို့ကို တောင်းပန်စကားဆိုရင်း ငွေပေးလာတာကြောင့် ထိုလူကြီးကို အတာခပ်စိမ်းစိမ်းပဲ ကြည့်လိုက်ရင်းက ငွေပေးနေတဲ့လက်ကို ပုတ်ထုတ်ပစ်လိုက်ခဲ့သည်။ ခင်ဗျားတို့ ပိုက်ဆံရှိတဲ့လူတွေက ငွေနဲ့ပဲ အားလုံးကိုတန်ဘိုးဖြတ်ကြတာပဲလား လို့ အရွယ်နဲ့မလိုက်အောင် အတာရင်နာခဲ့ရသည်။ အဒေါ် ဒေါ်မြင့်ရီ နဲ့ ထိုလူတို့ အခြေအတင်စကားတွေပြောကြပေမယ့် အတာကတော့ မနက်ပိုင်းထွက်သွားတုန်းက အကောင်းအတိုင်း ဖေဖေ့ကို အရေးပေါ်လူနာကုတင်ပေါ် အသက်မဲ့စွာ လဲနေတဲ့အတိုင်း ငေးကြည့်နေမိသည်။ အတာ့မှာ ဖေဖေမရှိတော့ဘူးပေါ့။ အတာ့အနား အမျိုးသမီးကြီးတစ်ယောက် ရောက်လာပြီး တစ်သောင်းတန် အုပ်လိုက်ကို အတာ့ရှေ့က ခုံပေါ်ပစ်တင်လိုက်တာမို့ အတာ လန့်သွားရသည်။ လာပြန်ပြီ ပိုက်ဆံဝါးလားတွေ။"ဒီမှာကောင်လေး အဲ့ဒီမှာပိုက်ဆံ။ မင်းအဖေပဲသေတာမဟုတ်ဘူး ငါ့သမီးလည်းသေတယ်။ ငါပေးတဲ့ပိုက်ဆံကိုယူပြီးကျေနပ်လိုက်တော့။ အမှုတွေထပ်လုပ်မနေနဲ့ ငါတို့ကိုလည်းငွေထပ်ညှစ်ဖို့မကြိုးစားနဲ့။ ဒီငွေလောက်ဆိုရင် မင်းတို့ထိုင်စားနေလို့ရတယ်။"ကျောခိုင်းသွားတဲ့ ထိုအမျိုးသမီးကြီးရှေ့ကို အတာ ပိုက်ဆံအထပ်လိုက်ကြီး လွှင့်ပစ်လိုက်သည်။ လှည့်ကြည့်လာတဲ့ အမျိုးသမီးကြီးကို ၇ တန်းကျောင်းသားအတာက စိတ်ထိန်းထားတဲ့လေသံနဲ့.."ဒီမှာအဒေါ်ကြီး။ ကျွန်တော့်အဖေရဲ့အသက်က တန်ဘိုးဖြတ်မရအောင် တန်တယ်။ အဒေါ်ကြီးတို့ လို ပိုက်ဆံမြင်တာနဲ့ငမ်းငမ်းတက်နေတတ်တဲ့ လူစားမျိုးထဲမှာ အတာတို့မပါဘူး။ စိတ်ချ။ အဒေါ်ကြီးမျက်နှာကို မမြင်ချင်လို့ ဘာအမှုမှမလုပ်ဘူး။ ခင်ဗျားကြီးတို့ ကိုယ့်တန်ဘိုးကို ကိုယ်ဖြတ်ကြတာပဲ။"ပိတ်ဖြူအောက်က အဖေ့မျက်နှာကို အတာတစ်ချက် လှန်ကြည့်လိုက်ပြီး ဆေးရုံကိစ္စတွေ လိုက်လုပ်နေတဲ့ အဒေါ် ‌ဒေါ်မြင့်ရီ ကိုနှုတ်ဆက်ကာ အမေရှိတဲ့ အိမ်ကိုသာ ပြန်လာခဲ့တော့သည်။ အမေ့ကို ဘယ်လိုပြောပြရပါ့မလဲ အတာမသိ။ ဝေ့လည်ကြောင်ပတ်လုပ်နေရင် ပိုများ စိတ်ထိခိုက်ဖို့ အချိန်ပေးလိုက်သလိုဖြစ်သွားမလားလို့ အတာစိတ်ပူပန်မိသည်။ ပြေးကြည့်မှ နှစ်ယောက်တည်းကျန်တဲ့ မိသားစုမို့ သိသင့်တာကို ပြောရမှာပေါ့လေ။ အတာ အိမ်ကိုတန်းမပြန်ဘဲ ရပ်ကွက်လူကြီးတွေဆီဝင်ကာ ဖြစ်သမျှကို အကြောင်းကြားခဲ့တာမို့ အတာအိမ်ပြန်ရောက်ပြီးသိပ်မကြာခင် မဏ္ဍပ် ထိုးဖို့ ပစ္စည်းပစ္စယတွေနဲ့ ရပ်ကွက်ထဲကလူတွေရောက်လာကြတော့သည်။ နာရေးကိစ္စစီစဉ်လာခဲ့တဲ့ အဒေါ်လည်း မကြာမီပြန်ရောက်လာကာ အတာဉာဏ်မမီတဲ့ လိပ်ပြာခွဲတာ နေရာချတာ၊ အိမ်တံခါး ခြံတံခါးဖွင့်တာ စတဲ့ကိစ္စတွေ အစီစဉ်တစ်ကျ ပြီးမြောက်ကုန်ကြတော့သည်။ အဖေဆုံးတာအမေသိသိချင်း သတိလစ်လဲကျသွားခဲ့ပေမယ့် ငယ်သေးတဲ့ အတာကို စိတ်မချတာကြောင့်အရာရာ ရင်ဆိုင်ကြဖို့ အားတင်းထားလိုက်ရတာအတာသိသည်။ အရပ်ကောင်းလို့ နာရေးလှခဲ့ပေမယ့် အဖေဆုံးတဲ့ သတင်းကြားကြတဲ့ ရွှေဆိုင်တွေက အဖေ့ရက်မလည်ခင်မှာပဲ အပ်ထားတဲ့ရွှေထည်တွေလာရွေးကြတော့ လျှော်စရာမရှိတဲ့ အမေနဲ့ အဒေါ်ဒေါ်မြင့်ရီတို့ နေ့နေ့ညည မျက်ရည်လည်ရွှဲနဲ့ သောကတွေပွေကြရပြန်သည်။ ကားတိုက်မှုဖြစ်တဲ့နေရာကနေ အဖေ့ဖုန်းနဲ့ အကြွေတစ်ချို့ကလွဲပြီး ဘာမှ ပြန်မတာမို့ အကြွေးတင်တယ်လို့ တောင်းသမျှ ဆပ်ရမယ့်အခြေအနေကို အဖေချန်ခဲ့တဲ့ အိပ်လေးရောင်းကာ အတာတို့ ထိုးဆပ်လိုက်ရ‌တာတောင်မှ အကြွေးက သိန်း ၇၀ လောက် ဆပ်ဖို့ကျန်နေသေးသည်။ အိမ်ရှင်အသစ်က အတာတို့သားအမိကိုသနားတာနဲ့ အိမ်ငှားဖို့ ရှာမတွေ့မချင်း ငှားခနဲ့နေစေတာမို့ လမ်းဘေးရောက်ဖို့ ကပ်သီးလေးလွဲတော့တာ။ နွေကျောင်းပိတ်ရက်တွေက မကြာမီကုန်တော့မည်။ အတာ နေ့စားဘောက်လိုက်လုပ်တာလေးက အိမ်ငှားခအတွက်တောင်မပြည့်မီခဲ့။ အမေ့ဆေးဖိုးအတွက် ဘယ်ကမှရှာမရ။ အဒေါ်ဝယ်ပေးတဲ့ ဆေးတစ်ပါတ်စာလေးကို အမေဆွဲသောက်နေတာ အတာမသိချင်ယောင်ဆောင်နေရတော့သည်။ "ဒေါ်လေး .. အတာ ကျောင်းထွက်ပြီး အလုပ်သွားလုပ်မလို့ အမေ့ကိုဒေါ်လေးဆီအပ်ထားခဲ့ချင်တယ်။ ဟိုဘက်လမ်းက ဆိုက်ကားနင်းတဲ့အကိုကြီးလေ သူလည်း မလေးရှားဘက် အလုပ်သွားလုပ်မှာတဲ့ အောက်လမ်းကသွားရင် ပိုက်ဆံလည်းမကုန်ဘူး။ အတာ ရှာလို့ရတာကို ဒေါ်လေးဆီပို့ပေးမယ်လေ။ နော်""ဟယ်အတာ.. ကျောင်းစားရိတ် ဒေါ်လေးပေးနိုင်ပါတယ် ကျောင်းပဲဆက်တက်ပါအတာရယ် အောက်လမ်းကနေ နိုင်ငံခြားမှာအလုပ်သွားလုပ်တယ်ဆိုတာ အန္တရာယ်များတယ်အတာ""အ‌မေ့ ဆေးဖိုးရှိသေးတယ် ဒေါ်လေးရဲ့ တစ်လတစ်သိန်းကို အတာဒီမှာမရှာနိုင်ဘူး""အတာရယ်။ ဒေါ်လေးဘယ်လိုလုပ်ပေးရပါ့မလဲကွယ်""ဒေါ်လေးက အမေ့ကိုပဲ စောင့်ရှောက်ပေးရင် ရပြီဗျ။ ဒီနေ့လည်း ညနေပိုင်းလာကြည့်ပေးပါအုံးနော် အတာဘိလပ်မြေသယ်တဲ့ ဆီက ခေါ်လို့ သွားလိုက်အုံးမယ်။ ညနေ ပိုက်ဆံရရင် အမေ့ဆေးတွေဝယ်လာမယ်လို့နော် ဒေါ် ‌လေး"လွယ်အိတ်လေးလွယ်လျက် ထွက်သွားတဲ့ တူလေးကို မြင့်ရီ စိတ်မကောင်းစွာပဲ ကြည့်နေလိုက်ရသည်။ ကျောင်းဆရာမနဲ့ ကုမ္ပဏီဝန်ထမ်းလစာတို့က မြင့်ရီတို့ မိသားစုကိုတောင် အတော်ကျားကုတ်ကျားခဲ ကျားကန်ထားရတာ။ အမဖြစ်သူဆေးဖိုးကိုခုဖို့အထိ မပိုလျှံ။ မပြေလည်တဲ့မိသားစုချင်းအတူတူ တစ်ခြမ်းပဲ့မိဘရဲ့ သားလေးအတာ့ကို အဆင်ပြေစေ့ချင်သည်။ ဒါထက် စာတော်ပြီးလိမ်မာတဲ့အတာလေး ရှေ့ရေးအတွက် မြင့်ရီ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ရသည်။"ဟယ်လို ထက်မြက်နိုင်စကားပြောနေပါတယ်""ကျွန်မ မမြင့်ရီပါ။ အကူအညီတောင်းချင်လို့ဆက်တာ"ဉီးထက်မြက်နိုင် ဖုန်းနံပါတ်ကိုတစ်ချက်ကြည့်လိုက်မိပြီး စကားပြန်လိုက်ရသည်။"ကျွန်တော် ကူညီဖို့အဆင်သင့်ပါခင်ဗျာ" သားနဲ့အသက်သိပ်မကွာတဲ့ နုနုငယ်ငယ်ကောင်လေးရဲ့ နာကျည်းခံခက် မျက်ဝန်းတွေကို မြင်ယောင်ရင်း အားနာမှုတွေရောစွက်တဲ့ ကမ်းလှမ်းမှုကို ဉီးထက်မြက်နိုင်တုန့်ပြန်လိုက်ရသည်။ ကိစ္စကြီးဖြစ်ခဲ့တုန်းက ဘာအကူအညီမှမယူခဲ့ဘဲ ကိုယ့်အလောင်းကိုယ်ပိုက်ကာ ပြန်သွားခဲ့တဲ့ ထိုမိသားစုအတွက် ဇနီးရဲ့ နာရေးကို ခမ်းခမ်းနားနား ကျင်းပပေးရင်း သတိရနေခဲ့တာ။ "ကျွန်မတူလေးတို့ အတော်ဒုက္ခရောက်နေပါတယ်။ ကျွန်မတူလေးက စာသိပ်တော်တယ်ရှင့်။ အခု ကလေးက မလေးရှားကို မှောင်ခိုဝင်ပြီး အလုပ်သွားလုပ်တော့မယ်လို့ပြောလာတယ်။ အဲ့ဒါ ရှင်တို့ဘက်က ဘာကူညီနိုင်မလဲလို့ ကျွန်မသိချင်တယ်""ကျွန်တော် ကျောင်းစားရိတ်ထောက်ပံ့ပါ့မယ်ဗျာ""ဒီမှာ ကျွန်မ အကုန်ပဲပြောတော့မယ်။ အတာတို့ သားအမိမှာ နေစရာလည်းမရှိတော့ဘူး။ အတာ့အမေဆေးကုဖို့လည်း အရမ်းခက်နေပြီ။ အဲ့ဒီအတွက် ပိုက်ဆံရှာနေရလို့ အတာလေးက ကျောင်းဆက်မတက်တော့တာ။ ကျွန်မတို့မိသားစုကလည်း ရရစားစားမို့လို့ ဆေးဖိုးကိုမတတ်နိုင်ဘူးရှင့်။ ဒီမှာ ဉီးထက်မြက်နိုင် ကျွန်မ ငိုပြနေတာမဟုတ်ဘူး။ အတာလေးက ရှင့်ဆီဆက်သွယ်တာသိရင် ကျွန်မကိုမုန်းတော့မှာ။ သူ့အဖေကို သေအောင်သတ်ထားပြီး သူတို့ဘဝကိုလမ်းပေါ်ရောက်အောင်လုပ်ထားတဲ့ရှင်တို့ကို သူက ခွင့်မလွှတ်ဘူး။ တော်ပြီ ကျွန်မပြောတာတွေမေ့လိုက်‌တော့။ ရှင့်အမေစကားတွေကို အတာက မေ့မှာမဟုတ်ဘူး""ခဏ .. ခဏနေပါအုံး မမြင့်ရီ။ ကျွန်တော့်အမေက ဘာတွေပြောခဲ့လို့လဲ""အို ရှင်မသိဘူးလား။ ရှင့်အမေက ဆေးရုံပေါ်မှာ ကျွန်မတို့ကို ပိုက်ဆံအထပ်လိုက်ပစ်ပေးပြီးတော့.. ငါတို့မိသားစုကိုငွေထပ်ညှစ်ဖို့ မစဉ်းစားနဲ့ သေတာ နင်တို့ အဖေပဲမဟုတ်ဘူး ငါ့သမီးလည်းသေတာ လို့ပြောသွားတာလေ။ အဲ့ပိုက်ဆံတွေကို အတာက ရှင့်အမေရှေ့မှာတင် လွှင့်ပစ်ခဲ့တာ""ဟာ ကျွန်တော် မသိလိုက်လို့ပါဗျာ။ တောင်းပန်ပါတယ် မမြင်ရီ။ ဒီလိုလုပ်ပါ ကျွန်တော် ကူညီပါရစေဗျာ။ ကျွန်တော့်ကို အိမ်လိပ်စာပေးပါဗျာ။ ကျွန်တော် အတာ့ကို သေချာတောင်းပန်ပြီး ကူညီလို့ရမယ့်နည်းလမ်းတွေ မမြင့်ရီနဲ့တိုင်ပင်ချင်ပါတယ်"ဘိလပ်မြေဗန်းကိုသယ်ရင်း ၆ ထပ်တိုက်အပေါ်ကို တက်လိုက် ဆင်းလိုက်နဲ့ အတာ့ခြေထောက်တွေ ဘုထနေသလို ဇက်လည်းခိုင်နေပြီ။ လက်မှာ ဘိလပ်မြေပေါက်လို့ ရဲတွတ်အောင် အနာတွေဖြစ်နေတာ လက်ဆေးတိုင်းစပ်လို့ ပုဆိုးအစုတ်ကိုပတ်တီးလိုစည်းထားရတော့တာ။ ဒီနေ့ နေ့စားခလေးရတာနဲ့ ဆို အတာစုထားတဲ့ အမေ့တစ်ပါတ်စာဆေးဖိုးသုံးသောင်း ပြည့်ပြီ။ ဒါဆိုရင် နောက်တစ်ပါတ်ထဲ ရှာလို့ရတာကို အိမ်လခလေးဖဲ့ဆပ်ထားရတော့မှာ။ အမေ့ဖို့ ဆေးဝယ်ရင်း နွားနို့ဗူးလေးတစ်ဗူးပါ ဝယ်ပြီး အတာ အိမ်ပြန်လာခဲ့သည်။ အိမ်ပေါ်တက်လိုက်တာနဲ့ တစ်ခါမြင်ရုံနဲ့ မှတ်မိတဲ့.. နောက်ထပ်လည်းမမြင်ချင်တဲ့မျက်နှာကို အတာ့အိမ် ဧည့်ခန်းမှာ အခန့်သားတွေ့လိုက်ရသလို အမေကလည်း ပြုံးပြုံးရွှင်ရွှင် ဧည့်ခံနေတာမို့ အတာ ခပ်မဆိတ်ပဲ ခွေးခြေခုံပုလေးမှာ ဝင်ထိုင်လိုက်ရတော့သည်။ အဒေါ်ကတော့ အတာ့ကိုမျက်နှာချင်းမဆိုင်ဘဲ ခပ်ရှောင်ရှောင်နဲ့။ "သားလေးရေ။ ဒါက သားအဖေရဲ့ မိတ်ဆွေတဲ့။ သားလေးကို ကျောင်းဆက်ထားချင်လို့ အမေ့ကိုလာပြောနေတာသားရဲ့။ ဒီမှာ သားအဖေဆီက ချေးထားတဲ့ငွေတဲ့ လာပြန်ဆပ်တယ်။"အတာ ဒေါ်လေးကိုတစ်ချက်ကြည့်လိုက်တော့ ဒေါ်လေးက မျက်နှာလွှဲသည်။ "ဒါသားလေးအတာလေ ကိုထက်မြက်နိုင်။ သားလေးက အဖေ့နေရာတာဝန်ဝင်ယူနေရတာ။ ကျွန်မဆေးဖိုးရော အိမ်လခရော သူပဲရှာနေတာမို့လို့ ကျောင်းမတက်ဖြစ်တော့မှာ စိုးရိမ်နေတာ""မခင်မလတ် ..ကျွန်တော့်မှာ အိမ်နဲ့ခြံအလွတ်တစ်လုံးရှိတယ်ဗျ။ အတာ့အတွက် ကျောင်းနဲ့လည်းနီးတယ်။ အဲ့ဒီမှာပြောင်းနေပါ။ အတာ့ကိုလည်း ကျွန်တော် အနီးကပ်စောင့်ရှောက်လို့ရတာပေါ့။ အတာ.. အန်ကယ့်မှာ သားထက်နဲနဲပဲကြီးတဲ့ သားလေးတစ်ယောက်ရှိတယ်။ အတာတို့အဖော်ရတာပေါ့ ဟုတ်လား။"အတာငြင်းပစ်လိုက်ချင်သည်။ ထိုလူကို အိမ်ထဲကနေဆွဲထုတ်ပစ်လိုက်ချင်သည်။ ဒါပေမယ့် အဒေါ့်ကိုအတာတောင်းထားတဲ့ကတိအတိုင်း အဒေါ်က အဖေ့ကိုတိုက်သတ်သွားတဲ့သူက ဘယ်သူဆိုတာ မပြောပြထားတာမို့ ဉီးထက်မြက်နိုင်ရဲ့ အဖေ့မိတ်ဆွေဆိုတဲ့ ဖြီးလုံးထဲ အမေယုံနေတာကိုအတာမဖျက်စီးရက်။ "အတာ. .. အဲ့လိုလေးလုပ်ပါသားရယ်။ ဒေါ်လေးလဲ သားတို့ဆီခဏခဏလာလို့ရတာပဲလေ။ မလတ်လည်း မြင့်ရီဆီခဏခဏလာပေါ့နော်။ သားမလေးရှားကို မှောင်ခိုသွားတာထက်စာရင် ဒီအတိုင်းက ပိုပြီးအဆင်ပြေပါတယ်သား""ဟင် သားက မလေးရှားကိုသွားမှာ ဟုတ်လား အမေမသိရပါလားသားရယ်"အတာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး ဇွတ်ပြုံးလိုက်ရသည်။ "အာ..အမေ့ကိုခွဲပြီးသားကဘယ်ကိုသွားနိုင်မှာလည်းအမေရဲ့ သားက သဘောပြောပြတာပါ။ ဒီမှာ ဘိလပ်မြေသယ်ရတာလည်း အဆင်ပြေပါတယ်အမေရဲ့ သားကျောင်းနားလိုက်လို့ရပါတယ်။"ဘိလပ်မြေပေါက်လို့ ဘုထ စုတ်ပြတ်နေတဲ့လက်တွေကို အသာဖွက်ရင်း ညာမိတော့ လူကြီးတွေက ရိပ်မိကုန်ကြသည်။ "အတာ.. သားနဲ့ အန်ကယ်ခဏစကားပြောချင်တယ် ခဏပဲ"ထိုင်ရာကထပြီးအိမ်ပြင်ထွက်သွားတဲ့ ဉီးထက်မြက်နိုင်အနောက်ကို အတာလိုက်လာခဲ့သည်။"အန်ကယ့်ကို ကူညီခွင့်ပေးပါ အတာ။ လျှော်ကြေးမဟုတ်ပါဘူး။ အန်ကယ့်မိတ်ဆွေတွေကိုစောင့်ရှောက်သလို စောင့်ရှောက်ချင်လို့ပါ။ အတာ့အဖေကို သေစေတဲ့သူက အန်ကယ့်အမျိုးသမီးပါလို့ အတာ့အမေကို ဖွင့်ပြောစေချင်သလားအတာ။ အန်ကယ်ဝန်ခံပေးပါ့မယ်။ အတာလိုချင်တဲ့ အကူအညီကို ပြောရင် အန်ကယ်လည်းစိတ်သက်သာရာရပါတယ်"အတာ အိမ်ထဲကို လည်ပြန်ပြန်ကြည်လိုက်တော့ အမေတို့က စကားပြောနေတုန်းမို့ အတာတို့ပြောတာကြားပုံမပေါ်။"အန်ကယ်.. ကျွန်တော် ကိုယ့်ခွန်ကိုယ့်အားနဲ့ အမေ့ကို ကျွေးနိုင်ပါတယ်။ အန်ကယ်ပြန်ပါတော့။ အန်ကယ့်ပိုက်ဆံအတွက် ချေးပေးတယ်လို့သဘောထားလိုက်ပါ။ အတာ ပြန်ဆပ်ပါ့မယ်""လောကကြီးကိုရင်ဆိုင်ဖို့ အတာသိပ်ငယ်သေးတယ်။ အန်ကယ့်အစီအစဉ်ကိုလက်ခံပါအတာ။ အတာ အရွယ်ရောက်လာတဲ့ တစ်နေ့ကျတော့ အတာ့သဘောအတိုင်း ဆက်လုပ်ပေါ့။ အမေ့ကို နေကောင်းစေချင်တယ်မဟုတ်လား။ ကဲ အန်ကယ် ဒီအတိုင်းပဲ သတ်မှတ်လိုက်မယ်နော်။ အိမ်လေးကို ပြင်ပြီးရင် အန်ကယ်လာခေါ်မယ်။ အတာ့ဖုန်းခဏပေး"အတာ့လက်ထဲက မှန်ကွဲနေတဲ့ မော်ဒယ်နိမ့်ဖုန်းလေးကိုယူကာ ဉီးထက်မြက်နိုင် ကိုယ့်ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။ "အန်ကယ်ဖုန်းဆက်မယ်။ အတာတို့ ပြင်ဆင်ထားလိုက်တော့။ အတာ.. အန်ကယ့်စေတနာပါ။"ပခုံးကို ပုတ်ပြီး ကားအကောင်းစားပေါ် တက်သွားတဲ့ ဉီးထက်မြက်နိုင်ကို အတာမငြင်းနိုင်‌တော့ပါ။ ဉီးထက်မြက်နိုင် အကြွေးဆပ်တယ်ဆိုတဲ့ ငွေကို အတာတို့ ကြွေးကျန်တွေဆပ် အိမ်လခတွေပေးပြီး အမေ့ဆေးတွေဝယ်လိုက်ကာ ကျန်ငွေထဲက တစ်ချို့ကို အဒေါ် ဒေါ်မြင့်ရီတို့ မိသားစုကို ကန်တော့လိုက်သည်။ ဉီးထက်မြက်နိုင် လွှတ်လိုက်တဲ့ ကားကြီးပေါ် သားအမိနှစ်ယောက် ‌ရွှေ့ပြောင်းလွယ်တဲ့ ပစ္စည်းတွေ တင်ပြီး ကားပေါ်ကနေ လက်ပြတော့ အဒေါ် မျက်ရည်ကျရှာလေသည်။ အမဝမ်းကွဲဖြစ်သူ မခင်မလတ်နဲ့ တူလေး အတာ့ကို ချစ်ရှာတဲ့ ဒေါ်မြင့်ရီတစ်ယောက်.. အမတို့ဒုက္ခကို မစောင့်ရှောက်နိုင်တဲ့ နွမ်းပါးတဲ့ မိသားစုဘဝကိုသာ အပြစ်တင်ရင်း သာကေတမြို့ရဲ့ လူဆင်းရဲ ရပ်ကွက်လေးထဲမှာ ကျန်ရစ်ခဲ့လေတော့သည်။ ***********"မင်းကွယ်..ပိုက်ဆံပေးလိုက်ရင်ပြီးရောပေါ့.. ဘယ်လောက်အဖိုးတန်တဲ့ဟာတွေမို့လို့ ခြံထဲထိခေါ်လာရတာလဲ။ နောက်ပိုင်း ရှုပ်ရှုပ်ယှက်ယှက်တွေဖြစ်လာတော့ ရှင်းရခက်နေမယ်။ အဲ့ဟာလေးက မာနကလည်းကြီးသေးတာ။ ခြံကိုအပိုင်ကြံနေလိမ့်မယ်နော်"မသတီသလို မဲ့ရွဲ့ပြောနေတဲ့ ယောက္ခမဖြစ်သူ ဒေါ်ဆုကလျာကို ဉီးထက်မြက်နိုင် သက်ပြင်းချရင်း ဖြေရှင်းရတော့သည်။"မေမေ။ သူတို့က ဘဝတစ်ခုလုံး ပျက်သွားကြတာ။ လမ်းဘေးထိုင်နေရတော့မယ့်အနေအထားဖြစ်နေတာလေ။ ကောင်လေးက စာလည်းတော်တယ် ရင့်လည်းရင့်ကျက်တယ်မေမေ။ သူ့အမေဆိုတာ မကျန်းမာလို့လမ်းတောင် မလျှေက်နိုင်တာ။ အတာက ဘိလပ်မြေထမ်းပြီး ဆေးဖိုးရှာရတာတဲ့ မေမေရဲ့။ ခြံထဲမှာနေပါစေမေမေ။ ခြံကလည်း စိတ်ဝင်စားသူမရှိလို့ ဒီနေ့အထိ မရောင်းရတဲ့ခြံပဲဟာ။ နောက်ပြီး သားလေးနဲ့လည်း အဖော်ရ‌အောင်လို့""အောင်မလေး.. ငါ့မြေး ရွှေဘုံစံကို အဲ့လိုအလေနတ္တောတွေနဲ့ မပတ်သက်စေပါဘူး။ ကိုယ့်ဘာသာကိုယ်နေကြပါစေ။ ငါ့အိမ်ရိပ်ကို မနင်းစေနဲ့ ဒါပဲ"ဂုဏ်နဲ့ဒြပ်တို့နဲ့ ထုံလွှမ်းတဲ့ မာနတွေက အဆင့်အတန်းကိုတိတိကျကျခွဲခြားလိုက်တာကြောင့် ထိုအမိန့်အတိုင်းလိုက်နာရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ပါ။ ဒါကြောင့်လည်း အသက်ကိုအလျှော်ပေးတဲ့ သဘောမျိုးမသက်ရောက်စေဖို့ အတာတို့သားအမိကို ခြံစောင့်လစာနဲ့ ၈ တန်းကျောင်းသားအတာ့အတွက် ကျောင်းစားရိတ်အားလုံး အကုန်အကျခံလိုက်ခြင်းအားဖြင့် အပြစ်ကင်းစိတ်လေး ဝင်လာဖို့ ဉီးထက်မြက်နိုင် ဇွတ်အတင်း ကြိုးစားလိုက်ရတော့သည်။ *********ပစ္စည်းတွေကို အိမ်ထဲအထိ ပို့ပေးသွားကြတဲ့အလုပ်သမားတွေကို အတာကျေးဇူးတင်မိသည်။ ခြံကြီးက ကျယ်ဝန်းလှသလို ခြံစည်းရိုးအလုံခတ်ထားတာမို့ ပြင်ပကလူနဲ့အထိအတွေ့နည်းပါးတဲ့သဏ္ဍာန်နဲ့ ခြုံနွယ်ပိတ်ပေါင်းတွေထူထပ်တဲ့ တစ်ဘက်ခြမ်းက တောအုပ်ကြီးက ခြောက်ခြားစဖွယ်။ ခြံဝကနေ ပေ ၆၀ လောက် လမ်းလျှောက်ဝင်လာပြီးမှ ခြေတံရှည်ဝါးခင်းထရံကာအိမ်လေးဆီရောက်တော့တာ။ အိမ်လေးကသပ်သပ်ရပ်ရပ်နဲ့ ဆောက်ထားသည့်အပြင် အိပ်ခန်းနှစ်ခန်းကိုလည်း ရင်ကွဲပုံစံ ထည့်ဆောက်ထားတာမို့ အတာ့အတွက် ကောင်းတာထက်ပိုသေးသည်။ ဘုရားခန်းမှာ သာကေတအိမ်ကပင့်လာတဲ့ ရုပ်ပွားတော်ကို ပူဇော်လိုက်ပြီး အမေ့အတွက် ခေါင်းရင်းခန်းကို ပြင်ဆင်ကာ အမေ့ကိုနားစေလိုက်မိသည်။ အတာတို့ကိုလာကြိုတဲ့ ဒရိုင်ဘာဉီးဘမောင်က ခြံစောင့်လစာဆိုပြီး ပိုက်ဆံတစ်ထပ် လက်ထဲထည့်သွားခဲ့သလို ကျောင်းတက်ဖို့ဆိုပြီး ကျောင်းစိမ်းအင်္ကျီ အသစ်တစ်ထုပ်ကိုလည်း ပေးခဲ့သည်။ ပိုက်ဆံနှင့် ကျောင်းအင်္ကျီတွေကိုကြည့်ရင်း အတာ အဖေ့အတွက် အပြစ်မကင်းစိတ်တွေ တစ်စတစ်စ ဝင်လာတာမို့ အဖေဆုံးကတည်းက မကျဖြစ်ခဲ့တဲ့ မျက်ရည်များ ဝေ့လည်လာခဲ့ရသည်။အတာ အိမ်ရှေ့ကပြင်မှာထိုင်ပြီး ဘာဆက်လုပ်ရမလဲဆိုတာကိုတွေးနေမိသည်။ ကျောင်းအပ်ဖို့ TC ကို ဒေါ်လေးက ယူထားမှာမို့ အတာသွားယူလိုက်ရုံပင်။ ဒါပေမယ့် အတာတက်ရမယ့်ကျောင်းကို အပ်ဖို့တော့ အမေ့ကိုခေါ်သွားဖို့ မဖြစ်နိုင်။ ကားပေါ်ကလှမ်းကြည့်ခဲ့တာ အိမ်နဲ့ကျောင်းက ဘတ်စ်ကားဂိတ် ၅ ဂိတ်စာလောက် ဝေးတာမို့ အမေ့ကိုခေါ်သွားဖို့တော့ မဖြစ်ဘူးမဟုတ်လား။ "လူသစ်တွေပြောင်းလာတာလား။ လူလေး ဘယ်ကပြောင်းလာကြတာလဲကွဲ့"ခြံဝင်းထဲလှမ်းဝင်လာတဲ့ အသက် ၆၀ကျော်အဘက အိမ်ကပြင်ကအတာ့ကို လှမ်းမေးလာတာမို့ အတာလည်း အိမ်အောက်ကိုဆင်းလာခဲ့ကာ သာကေတကသယ်လာတဲ့ ခုံလေးတွေချပေးလိုက်ရသည်။"ဟုတ်ကဲ့အဘ သာကေတကပြောင်းလာခဲ့တာပါခင်ဗျာ။""ဒီခြံထဲ လူမနေဖူးတာမို့ အဘလာကြည့်တာ လူလေးရဲ့ ဘာကူညီရအုံးမလဲ""ကျွန်တော်တို့ ရောက်ကာစမို့ ဘာလုပ်ရမှန်းမသိဘူး အဘရေ။ ဈေးလည်းဝယ်ချင်တယ်။ ညစာချက်ဖို့ ဘာမှမပါလာဘူးအဘ""အဘက ဉီးထွန်းမြိုင်ကွဲ့။ ရာအိမ်မှူးလည်းဟုတ်တယ်။ ဓမ္မာရုံလူကြီးလည်းဟုတ်တယ် အဘထွန်းလို့ လူတွေကခေါ်ကြတယ် လူလေး။ လူလေးကနာမည်ဘယ်လိုခေါ်လဲ""အတာပါ အဘ။ မင်းအတာမွန်လို့ခေါ်ပါတယ်ခင်ဗျာ""အော် အတာတို့ကဘယ်နှစ်ယောက်ပြောင်းလာတာလဲကွဲ့။ အဘ ဧည့်စာရင်းလေးပြင်ထားပေးမယ်။""အတာနဲ့ အ‌တာ့အမေနှစ်ယောက်တည်းပါအဘထွန်း။ အတာ့အဖေက လွန်ခဲ့တဲ့ သုံးလက ဆုံးပါးသွားပါပြီ""အော်..စိတ်မကောင်းလိုက်တာကွယ်။ ကဲကဲ.. အဘ အတာ့ကို ဈေးဘက်လိုက်ပို့ပေးမယ်။ အတာလိုချင်တာဝယ်လို့ရအောင်လို့""ဟုတ်အဘ။ ဒါပေမယ့် အမေ့ကိုထားခဲ့ဖို့က ... အမေတစ်ယောက်တည်းဖြစ်နေမှာစိုးလို့ခင်ဗျ""အော်.. အဘမြေးတစ်ယောက် လွှတ်ပြီး စောင့်ခိုင်းလိုက်မယ် အတာ။ ခဏစောင့်နော်"အဘထွန်းထွက်သွားတာနဲ့အတာလည်း အမေ့အခန်းထဲဝင်ပြီး အမေ့ကို အကျိုးအကြောင်းပြောပြကာ ဈေးသွားဖို့ပြင်လိုက်ရသည်။ အဘထွန်းပြန်မလာခင် ဝယ်ဖို့လိုအပ်တာလေးတွေကို စာရင်းပြုစုရင်း ထင်းခြောက်လေးတွေ ကောက်ကာစုပုံထားလိုက်သည်။ အိမ်နောက်ဖေးမှာ မီးဖိုနေရာလေးပြင်လိုက်ပြီး ပီနံအိတ်နဲ့ထည့်လာတဲ့ အိုးခွက်တွေကို ထမင်းစားခန်းကျဉ်းကျဉ်းလေးမှာနေရာချလိုက်ရသည်။ လျှပ်စစ်မီးသွယ်တန်းထားပေမယ့် ထမင်း‌ပေါင်းအိုးနဲ့ ဒယ်နီအိုးကိုသုံးဖို့ ပလပ်ပေါက် မီးဖိုထဲမှာ ရှာမရ။ ပြင်ဆင်ရမယ့် အချက်တွေကို တေးမှတ်ထားပြီး ဝယ်သင့်တဲ့ ပစ္စည်းစာရင်းထဲ တေးမှတ်လိုက်ရပြန်သည်။ လောလောဆယ်တော့ အုတ်ခဲလေးသုံးလုံးလောက်ရှာဖွေပြီး သစ်ကိုင်းခြောက်ထင်းနဲ့ ထမင်းဟင်းတည်ရတော့မှာ....။အတာ အိမ်နဲ့ခြံကို ဝေ့ကြည့်ရင်း ရည်ရွယ်ချက်တစ်ခုကို ချမှတ်မိသည်။ ထိုထိုရည်ရွယ်ချက်ကတော့ တစ်နေ့ ဖေဖေ့ကိုအတာတို့ဆီကနေ ခွဲထုတ်သွားခဲ့တဲ့ ဒီမိသားစုလောင်းရိပ် နဲ့ ဒီခြံထဲကနေထွက်သွားပြီး ကိုယ့်အားကိုယ်ကိုးကာ အမေ့ကိုပြုစုလုပ်ကျွေးဖို့ပင်ဖြစ်သည်။ အတာ့ရဲ့ ငယ်ဘဝသည်ကား ထိုအချိန်ကစပြီး ကလေးတစ်ယောက်သဖွယ် ရယ်မော‌ဆော့ကစားခွင့်တွေ ‌ပျောက်ဆုံးကုန်‌တော့သည်။ ************

ဆူးရိပျအတာWhere stories live. Discover now