[Unicode]
အခန်း ၈၄၇ ညအိပ်လို့ရမလား?ညနေ၅နာရီဝန်းကျင်မှာတော့ ဆရာတန်က ကုနင်းကို ဖုန်းဆက်လာခဲ့သည်။ သူက သူမအခုထိလဲ နောက်ဆုံးပွဲစဉ်ဝင်ရမည့်ကျောင်းသားများထဲတွင် အဆင့်တစ်ဖြစ်နေသေးကြောင်း ပြောပြလာသည်။ သူမထပ်ပြီး အမှတ်ပြည့်ရပြန်ပြီ။ စုအန်းယာကတော့ အဆင့်၁၁ရတာကြောင့် နောက်ဆုံးပြိုင်ပွဲမှထွက်ရမည်ဖြစ်ပြီး ကျန်းကျီခိုင်က အဆင့်၇ရကာ စုန့်ရှီယောင်သည်တော့ အဆင့်၁၀ရတာကြောင့် နှစ်ယောက်လုံး နောက်ဆုံးပြိုင်ပွဲတွင်ပါဝင်သည်။
နောက်ဆုံးပွဲကို မနက်ဖြန် ဆက်သွယ်ရေးအခန်းတွင် မနက်၁၀နာရီစတင်ကျင်းပမည်ဖြစ်ပြီး ကျောင်းသားတိုင်း မနက်၉နာရီခွဲတွင် ကောင်းကင်ပြာဟိုတယ်၌ စုရပေမည်။
နောက်ဆုံးပွဲ၏ အကဲဖြတ်ဒိုင်များနှင့်ပရိသတ်များကတော့ နာမည်ကြီးအထက်တန်းကျောင်းများနှင့် ကောလိပ်များမှ ပါမောက္ခများ ကျွမ်းကျင်ပညာရှင်များဖြစ်ကြသည်။ ထိုအချိန်တွင် စိတ်ကိုတည်ငြိမ်အောင်မထားနိုင်ရင်တော့ ရလဒ်ကောင်းနိုင်မည်မဟုတ်ပေ။ သို့သော်လည်း ကုနင်းအတွက်တော့ အဆန်းတကြယ်မဟုတ်ပေ။
……………
၅နာရီဝန်းကျင်တွင် ကျီပိုင်ယင်းသည် သူတို့ညစာစားကြမည့်နေရာဖြစ်သည့် Bမြို့ဆင်ခြေဖုံးနားတွင်ရှိသော မြင်ကွင်းလှသည့် အဆင့်မြင့်တောင်ဗီလာတွင် ရောက်ရှိနေပြီဖြစ်သည်။
ထို့နောက် တောင်ဗီလာထဲတွင် သဘောတကျ လှည့်ပတ်ကြည့်နေခဲ့သည်။
တောင်ဗီလာထဲတွင် ကုနင်း ယနေ့သွားခဲ့သည့် ဥယျာဉ်လောက် ရင်သက်ရှုမောဖွယ်ရာမကောင်းသော်လည်း လှပသည့်ပန်းများစွာဖူးပွင့်နေပေသည်။
ရှုကျင်းချန်သည် တစ်ကိုယ်တည်းသမားဖြစ်တာကြောင့် ဘာမှလုပ်စရာမရှိ၍ သူလဲပဲ တောင်ဗီလာသို့ စောရောက်နေခဲ့သည်။
ဒီတစ်ခေါက် ရှုကျင်းချန်ကို ကျီပိုင်ယင်းမြင်လိုက်ရချိန်တွင်တော့ ဖုန်းထဲတွင် သူမအစ်ကိုပြောသည့် စကားများကို ပြန်အမှတ်ရသွားကာ အနည်းငယ်နေရခက်သွားသော်လည်း အမူအရာမပေါ်စေပေ။
![](https://img.wattpad.com/cover/311781137-288-k610791.jpg)