”အဲ့တော့ နမ်းလိုက်တယ်ပေါ့ ”
တစ်ကိုယ်လုံးပစ်ပြီး မှီထိုင်နေရာက ထလာတဲ့ချန်းယောလ်က ဆလပ်ရွက်ကို ယူလိုက်ပေမဲ့ ချက်ချင်း ပန်းကန်ထဲ ပစ်ပေါက်လိုက်ကာ ကျောရိုးမရှိသလို ပြန်မှီသွားတာက စိတ်မပါလက်မပါ ။
”ကိုကို့အကြောင်း စဥ်းစားမိတာနဲ့ ဆင်ခြင်တုံတရားပါ ပျောက်သွားတာက စိတ်ပျက်ဖို့ကောင်းတယ်လို့ ခံစားရတယ်
အထူးသဖြင့် ဘာမှမသိတဲ့ ဘတ်ဟျွန်းကို ခုတုံးလုပ်လိုက်သလိုပဲ ”
Ram ပြန်ဖြည့်ပေးထားတဲ့ ဘရန်ဒီခွက်ကို ဆွဲယူလိုက်ပြီး ချန်းယောလ်ထပ်ပြောလာသည်။
”ကိုကို့ထက် ဘတ်ဟျွန်းကို ပိုချစ်တယ်လို့ ပြောသမျှက တစ်ခါတစ်လေ ငါ့ကိုငါ သတိပေးနေတဲ့ စကားသက်သက်ဖြစ်နေသလိုပဲ
အဆက်အသွယ်မရှိ ရုတ်တရက်ပျောက်သွားတဲ့ ကိုကိုက ငါ့အပေါ် မကောင်းဘူး Ram
နာမည်တောင် သိခွင့်မရှိလိုက်ဘဲ
မျက်နှာပါ တဖြည်းဖြည်း မေ့လျော့လာစေတဲ့ ကိုကိုက ငါ့ကိုတော့ အခုထိဆယ်နှစ်သားအတိတ်မှာပဲ ကျန်အောင် လုပ်နေတယ် ”
သောက်ရင်းပြောနေတဲ့ ချန်းယောလ်က မျက်ရည်တွေကျလို့ စကားတွေဆက်နေတာ ၊
အတိတ်က ကိုကိုဆိုတဲ့လူကို တွယ်တာနေတာ အခုထိပဲ ။ ချန်းယောလ်ရဲ့ နေ့ရက်တိုင်းမှာ ကိုကို အမြဲရှိသည်။ အမှတ်တရပစ္စည်းဘာမှမရှိလို့ ကိုကို့မျက်နှာကို မေ့တိုင်း ကြည့်စရာ ဘာမှမရှိပေမဲ့လို့ ချန်းယောလ် ကိုကို့ကို သတိရတုန်းပဲ။
ဒါပေမဲ့ တစ်နေ့မှာတော့ ဘတ်ဟျွန်းကို စတွေ့ခဲ့သည်။ တက္ကသိုလ်ကျောင်းသားအရွယ်မှာ တည်ငြိမ်တဲ့ ဘတ်ဟျွန်းကို မြင်တော့ ကိုကို လို့ ခံစားစေမိတာ ဘာအကြောင်းကြောင့်ရယ်မှန်းတော့ မသိ။
ဒါပေမဲ့ မဟုတ်ဘူးဆိုတာ ချန်းယောလ်သိသည်။ ဘာလို့ဆို သူမမှတ်မိရင်တောင် ကိုကိုကတော့ သူ့ကို မှတ်မိနေမှာ သေချာတာမလို့ ၊ အနည်းဆုံး ကိုကို့မှာ သူတို့ အမှတ်တရဓာတ်ပုံရှိခဲ့တယ်လေ
ကိုးနှစ်သားအရွယ် ချန်းယောလ်နဲ့ ဆယ်ကျော်သက်အရွယ် ကိုကိုဆိုတဲ့ လူနဲ့ပေါ့...
